ချောင်းသာ  ၃  မတ် 

 

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့၌ ရောက်ရှိနေသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် Amazing Chaungtha Hotel သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

111


ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့အား တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ကမ်းခြေပတ်လမ်း (Coastal Road) စီမံကိန်းတည်ဆောက်ရန် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေနှင့် စီမံကိန်းပြီးစီးပါ က ရရှိမည့် အကျိုးကျေးဇူးများကို  Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ငရုပ်ကောင်း-ရန်ကုန်ကားလမ်းတည်ဆောက်ရေး၊ ရန်ကုန်-ပုသိမ်ကားလမ်း အဆင့်မြှင့်တင် ရေးနှင့်ကမ်းခြေပတ်လမ်းစီမံကိန်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

222

 

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က ဒေသခံပြည်သူလူထု အနေဖြင့် စီမံကိန်း၏ အကျိုးကျေးဇူးကို သဘောပေါက်နားလည်စေရေး အသိပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အသိပေးခဲ့သည့်အတိုင်း ပြည်သူလူထု ကျေနပ်မှုရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားရန် လိုအပ် ကြောင်း၊ ယခုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက တိုင်းဒေသကြီး အတွက် စီးပွားဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။

 

ကမ်းခြေပတ်လမ်းသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၏ အနောက် ဘက်ပင်လယ်ကမ်းခြေတစ်လျှောက်ကို ဆက်စပ်မည့် မိုင်(၁၇၀) ရှိသည့် မဟာဗျူဟာ မြောက်လမ်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ခြင်း၊ လူမှုစီးပွားဘဝ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုး ရေးအခြေခံသည့် ထုတ်ကုန်လုပ်ငန်းနှင့် ပင်လယ်ရေထွက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကာ နိုင်ငံတော်၏ အနောက်ဘက်လုံခြုံရေး အတွက်ပါ အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ 

 

333

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ချောင်းသာကမ်းခြေတစ်လျှောက် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အနားယူ အပန်းဖြေမှု၊ ဒေသထွက်ကုန်များ ရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကျောက်မောင်နှမ Ocean View Hotel View Point သို့ရောက်ရှိကြပြီး ပင်လယ်သဘာဝရှုခင်းများကို ကြည့်ရှုကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရွှေသောင်ယံမြို့ ရွှေသောင်ယံဟိုတယ်သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ခရီးသွား ဧည့် သည်ဝင်ရောက်မှု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဖွင့်လှစ်ထားရှိမှု၊ ကမ်းခြေသာယာရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ခရီးသွားဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်မှု၊ ခရီးစဉ်ဒေသများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကိစ္စများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုရှိစေရန်  ကမ်းခြေများ သန့်ရှင်းသာယာမှုသည် အရေးကြီးပါကြောင်း၊ ယခင်နှစ် များထက် ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာနိုင်မည့်အခြေအနေကို မျှော်မှန်း၍ ယာဉ် ရပ်နားစခန်းများ စနစ်တကျတည်ဆောက်ခြင်း၊ အများသုံးသန့်စင်ခန်းများ၊ အားကစားခန်းမ များ ထားရှိခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် ဝန် ဆောင်မှုများပေးနိုင်ရေး သင်တန်းများလည်း ဖွင့်လှစ်ပို့ချပေးရန် လိုအပ်ပါကြောင်း၊ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး Master Plan အား လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ရေးဆွဲရန်လိုအပ်ပါကြောင်း၊ ရေးဆွဲရာတွင်လည်း ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

 

(သတင်းစဉ်)

 

444