ရန်ကုန် ၃ မတ်
ယနေ့ ကျရောက်သော ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား ဖျက်ဆီးသည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ တိရိစ္ဆာန်ဥယျာဉ်အတွင်းရှိ ယာဉ်ရပ် နားရာစခန်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်သိမ်းဆည်းထားသော ပစ္စည်းများထဲမှ ကောင်းမွန်သည့် အစိတ်အပိုင်းအချို့ကို ပညာပေးပြခန်းများ၌ အများပြည်သူလေ့လာကြည့်ရှုရန်ထားရှိပြီး ကျန်ရှိသည့် အစိတ်အပိုင်းများကို ယနေ့ကမ္ဘာ့တော ရိုင်းတိရစ္ဆာန်များ (World Wildlife Day) နေ့တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခု အကြိမ်ဖျက်ဆီးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သော အောက်တိုဘာ ၄ ရက်က နေပြည် တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့ဖျက်ဆီးသော တောဆင်ရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများတွင် ဆင်စွယ် ၂၁၉ ချောင်း၊ ဆင်နှာမောင်းအကွင်းခြောက် ၂၁၀ ခု၊ ကျားနှင့် ကျားသစ်အပါအဝင် တိရစ္ဆာန်အရိုးစုမျိုးစုံ ၅၂၇ ချောင်း၊ တိရစ္ဆာန်ဦးချိုမျိုးစုံ ၈၀ဝ၊ သင်းခွေကြပ်အကြေးခွံ ၁၃၄ ဒသမ ၇၂ ကီလိုဂရမ်၊ အခြားတောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ ၂၄၁ ခု စုစုပေါင်း အေလေးချိန် ၇၆၆ ဒသမ ၁၁ ကီလိုဂရမ် ကာလတန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၁၅ သန်း (မြန်မာငွေကျပ် သိန်းပေါင်း ၁၇၂၂၀ ) တန်ဖိုးခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း၌ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုကို ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်ဇန်နဝါရီလကုန် ပိုင်းအထိ ၁၂၂ ကောင် အသတ်ခံခဲ့ရပြီး ဆင်စွယ်သာမက ဆင်သာရေ၊ ဆင်နှာမောင်းနှင့် ဆင်အသားများကိုပါ ရယူလိုမှုအတွက်ကြောင့် ယခုကဲ့သို့သတ်ဖြတ်မှုပိုမိုများပြားလာခြင်းဖြစ်သည်။
ဖမ်းဆီးရမိ ဆင်စွယ်နှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများအား ဖျက်ဆီးရခြင်းမှာ တောရိုင်းတိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်နေမှုအား ဥပဒေအရတားဆီးနှိမ်နှင်းရေး လုပ်ငန်းစဉ်ကို ပြည်သူလူထုပိုမိုသိရှိစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရခြင်း၊ ဆင်အပါအဝင် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်မှုနှင့် ပတ် သက်၍ ပြည်တွင်းဈေးကွက်များ ပိတ်သိမ်းခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့အတွက် အသိပေးကြေညာ နိုင်ရန်၊ တားဆီးနှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်နေမှုကို နိုင်ငံတကာမှသိရှိလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် စသည်ဖြင့် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသော ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ဖျက်ဆီးသည့် အခမ်းအနားသို့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး အုန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ သဘာဝပတ်ဝန်းကျင်နှင့် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ UNDP ၊ FAO ၊ WWF၊ WCS နှင့် INGO၊ NGO များမှ ဌာနေကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်


