ရန်ကုန်  ၃  မတ် 

 

ကမ္ဘာ့သောတအာရုံနေ့ (World Hearing Day)အခမ်းအနား ကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ရှိ နား၊နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲ စိတ်အထူးကုဆေးရုံကြီး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက နှစ်စဉ်နှစ်တိုင်း မတ်(၃)ရက်နေ့ကို World Hearing Day အဖြစ် သတ်မှတ်၍ ကမ္ဘာတစ်ဝန်းလုံး၌ ကျင်းပပြီး ရန်ကုန် နား၊နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး၌ World Hearing Day အခမ်းအနား ကို ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ တိုးတက်လာသည့် နည်းပညာများက ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိစေကြောင်း၊ ယနေ့အခမ်း အနားတွင် နားကြားကိရိယာတပ်ဆင်ပေးထားသည့် ကလေးများ၊ နားအစားထိုးခွဲစိတ် ထားသည့် ကလေးများ၊ Down Syndrome ကလေးများ၏ ဖျော်ဖြေမှုများနှင့်တကွ နားကျန်းမာရေးဆိုင်ရာ အမေးအဖြေများ ပြုလုပ်ရင်း ကျန်းမာရေးအသိပညာပေးမည်ဟု သိရပါကြောင်း။ ယနေ့ World Hearing Day ၏ဆောင်ပုဒ်ဖြစ်သည့် “Check Your Hearing ” နှင့်အညီ အခမဲ့နားစမ်းသပ် မှုများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းဆေးရုံကြီး၌ ယခုအခါ Audiology Unit သီးခြားဖွင့်လှစ်ထားပြီး နားအကြား စမ်းသပ်မှုကို ကလေးနှင့် လူကြီး သီးခြားစမ်းသပ်ပေးလျက်ရှိကြောင်း၊ အသက် ၁၂ နှစ်အောက်ကလေးများအတွက် Under 12 Hearing Center ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Implementation Research ကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ ကလေး ၈၅၅ ဦးကို နားအကြားအာရုံစမ်းသပ်ပေးခဲ့ရာ နားကြားကိရိယာ ၅၅ ခု ပေးအပ်ခဲ့ပြီး နားအစားထိုး ခွဲစိတ်မှု ၁၇ ခု ပြုလုပ်ခဲ့ကြောင်း၊ ဟန်ချက်ဆိုင်ရာ စမ်းသပ်မှုများကိုလည်း ကမ္ဘာ့စံချိန်မီ ပစ္စည်းကိရိယာများအသုံးပြုပြီး Vertigo Clinic ကိုလည်း ၂၀၁၈ ခုနှစ် မတ်လ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးအောင် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့် သောတ အာရုံချို့ယွင်းမှုအတွက် အသိပညာများ ပိုမိုပြန့်ပွားစေရေး၊ အကြားအာရုံချို့ယွင်းမှုအား ကြိုတင်ကာကွယ်ရေးနှင့် ထိရောက်သောကုသမှုများ ပေးနိုင်စေရေးစသည်တို့ကို ရည်မှန်း၍ နှစ်စဉ် ကမ္ဘာ့သောတအာရုံနေ့ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆေးတက္ကသိုလ်(၁) နား၊နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်ပညာဌာန ပါမောက္ခ ဒေါက်တာခင်လှလှ က “ကမ္ဘာမှာ အကြားအာရုံ လျော့နည်းသူတွေ ပိုပိုများလာတယ်။ အကြားအာရုံ ချို့ တဲ့လာတဲ့အတွက် လူတွေမှာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့် ထိခိုက်မှုတွေ အများကြီး ရှိလာတယ်။ ဘက်ပေါင်းစုံမှာ ထိခိုက်မှုတွေရှိတဲ့ အကြားအာရုံချို့တဲ့မှု ပိုမိုများလာတဲ့အတွက် အဓိက အကြောင်းရင်းမျိုးစုံရှိတဲ့အနက် တော်တော်များများက ကာကွယ်လို့ရနိုင်မယ့်အရာတွေ ဖြစ်နေတယ်။ ဒါတွေက လူတွေရဲ့ ကျန်းမာရေးအသိပညာနည်းပါးမှုကြောင့် ဖြစ်တယ် လို့ သိရတယ်။ ဒါ့ကြောင့် နားကျန်းမာရေးက အရေးကြီးတဲ့အကြောင်း၊ လူတွေကို နားစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပေးစေချင်တဲ့ အဓိကရည်ရွယ် ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

 

ယနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)၊ နား၊နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုပညာအဖွဲ့နှင့် ORL - HNS Society တို့က ဦးဆောင်စီစဉ်ဆောင်ရွက်ပေးပြီး Hearing International ၊ IFOS ၊ AANOA ၊ IAPA ၊ တာမွေနားမကြားကျောင်းနှင့် မေရီချက်ပ်မင်းနားမကြားကျောင်းတို့ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

 

အဆိုပါဆေးရုံကြီး ပြင်ပလူနာဌာန၌ တနင်္လာနေ့မှ သောကြာနေ့ နံနက် ၈ နာရီမှ ၁၁ နာရီခွဲအထိ  နားအကြားအာရုံစမ်းသပ်စစ်ဆေးမှုများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

0.01