ရန်ကုန် ၃ မတ်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နည်းပညာတက္ကသိုလ်(မအူပင်)ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နည်းပညာတက္ကသိုလ်(မအူပင်)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မအူပင်)မှ ပါမောက္ခချုပ်ဒေါက်တာကျော့ခင်က နည်းပညာ တက္ကသိုလ်(မအူပင်)၏ဖွဲ့စည်းပုံ၊ သင်ကြားသင်ယူနေမှုအခြေအနေများနှင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေး ကဏ္ဍပြုပြင်ပြောင်းလဲဆောင်ရွက် မှုများ၊ ပါမောက္ခချုပ်များကော်မတီ၏ တက္ကသိုလ်များအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများကို အသိပေးပြောကြားလိုပြီး တက္ကသိုလ် များ၏အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လှုပ်ရှားမှုများကို ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သည့် www.moe.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ဖော်ပြထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင်ပါရှိသော ပန်းတိုင် အမှတ်(၄)တွင် ၂၁ ရာစုနှင့်လိုက်လျောညီထွေရှိသည့် လူ့စွမ်းအားအရင်း အမြစ်များကို အဆင့်မြှင့်တင်ပေးရန် အချက်သည် ပညာရေးနှင့်သက်ဆိုင်ပါကြောင်း၊ ပညာရေး အရည်အသွေးကောင်းမွန်ရန် ဆရာ ဆရာမများ၏ အရည်အသွေးကောင်းမွန်ရန် လိုအပ်ပြီး အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အရည်အသွေးများ ကောင်းမွန်ရန်အတွက် မွမ်းမံသင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သုတေသန ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်လိုအပ်ပါကြောင်း၊ သို့မှသာ ဆရာ ဆရာမများ စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့် နီးစပ်သော သင်ကြားနည်းစနစ်များဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် ဆရာ ဆရာမများအတွက်သာမက ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားစေရန် ရုံးစာရေးသားနည်း သင်တန်းများနှင့် အိုင်စီတီအရည် အသွေးမြင့်မားစေရန် သင်တန်းများဖွင့်လှစ်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ပညာတော်သင်ဆုများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများနှင့် အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ကျောင်းများတွင် သိပ္ပံပြပွဲများ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့်ပူး ပေါင်း၍ Job Fair များပြုလုပ်ပေးရန် လိုအပ်ပြီး မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံနေထိုင် သည့်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေ ယဉ်ကျေးမှုနှင့် အနုပညာဓလေ့ ထုံးတမ်းစဉ်လာများကိုလည်း မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ ဒေသ၏ဖွံ့ဖြိုး တိုးတက်မှု၊ ဒေသ၏စီးပွားရေး၊ ခရီး သွားလာရေးနှင့် အကျိုးစီးပွားကို အကျိုးပြုပြီး ဒေသနှင့်လိုက်လျောညီထွေဖြစ်သည့် ဘွဲ့သင်တန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ် များ မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လက်တွေ့သင်ကြားရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် အခက်အခဲများရှိသည့်အတွက် သရုပ်ပြ ဆရာ ဆရာမများတိုးချဲ့ခန့်ထားရေး၊ အစိုးရနည်းပညာအထက်တန်း ကျောင်းများသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရေး၊ အားကစားရုံနှင့် အားကစားကွင်းများဆောင်ရွက်ပေးရေး၊ ကျောင်းသား ကျောင်းသူများ အလုပ်သင်သွား ရောက်ရာ၌ အခက်အခဲများကြုံတွေ့ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်များကို တိုင်းဒေသကြီးမှတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မအူပင်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မတ် ၂ ရက်တွင် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)နှင့် ဟင်္သာတတက္ကသိုလ်များသို့သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပရော့ဂျက်များပြုလုပ်ရာနှင့် လေ့လာရေး ခရီးများ အတွက်ကုန်ကျစရိတ်များ အဆင်ပြေချောမွေ့စေရန်၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် website Domain များ၊ E-mailများ ရရှိရေး၊ ဆိုင်ကယ်ရပ်နားရန်နေရာ၊ ကျောင်းအားကစားရုံဆောက်လုပ်ပေးရန်၊ ဖူဆယ်ဘောလုံးကွင်း ဆောက်လုပ်ပေးရန်၊ ဝန်ထမ်းအင်အားတိုးချဲ့ ခန့်ထားရန်၊ ဝန်ထမ်းမိသားစုပေါင်းစည်းနေနိုင်ရေး၊ ပန်းချီ၊ ဂီတ၊ အနုပညာကလပ်များဖွဲ့စည်းဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


