မတ် ၄
ငပလီကို ကျွန်တော်ရောက်ခဲ့တာ အကြိမ်ကြိမ်ပါ။ ပထမဆုံးအကြိမ်က လူရည်ချွန်ရွှေဝါချိုင်စခန်းကို။ အဲဒီတုန်းက ကျွန်တော်က နည်းပြဆရာ။ လက်သစ်လူရည်ချွန်စီမံကိန်းကို မဆလအစိုးရက ဖော်ထုတ်ခဲ့တာ။
ညီနောင်ဆိုရှယ်လစ်နိုင်ငံတွေမှာရှိတဲ့ စီမံကိန်းကို နမူနာယူပြီး တက္ကသိုလ်ကောလိပ်အထက်တန်းကျောင်းတွေက ဘက်စုံထူးချွန်တဲ့ကျောင်းသား ကျောင်းသူသားတွေကို ဂုဏ်ပြုတဲ့အစီအစဉ်။
ငပလီကို အကြိမ်ကြိမ်ရောက်ခဲ့အခုလိုဖော်ထုတ်ခဲ့တာကို ကြိုဆိုရမှာ။ စာပေတင်မက အားကစားလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း စိစစ်ခဲ့တာ။ ကျွန်တော်က ဆရာဖြစ်နေတာမို့ လူရည်ချွန်တွေကို ကြီးကြပ်ဖို့အရွေးခံရတာ။ ပြောသာပြောရတယ်။ လူရည်ချွန်တွေနဲ့ကျွန်တော်နဲ့ အသက်က သိပ်မကွာလှဘူး။ ဒီတုန်းက လူရည်ချွန်တွေမှာ ပါတဲ့သူတွေအနက် ဒေါက်တာ ခင်မောင်ဟန်နဲ့ဒေါက်တာတင်မျိုးဝင်းတို့ကို အမှတ်ရနေမိတယ်။ တချို့က ငါးကြိမ်၊ ခြောက်ကြိမ်ရတဲ့သူတွေ။ ကျွန်တော်နဲ့အတူ ဆရာဝန်နှစ်ဦး ၊ ဆရာမတစ်ဦးနဲ့ အားကစားမှူး စုစုပေါင်းလေးဦး။ ရန်ကုန်စခန်းက ပြည်ဆောင်မှာညဘက် လာနှုတ်ဆက်တဲ့လူကြီးတွေအနက် ဒုတိယဝန်ကြီး ဒေါက်တာညီညီပါသလိုကျွန်တော့်ရဲ့ ဦးလေး ရန်ကုန်မြို့တော်ဝန်ဗိုလ်မှူးကြီး မျိုးအောင်တို့ပါဝင်ကြတယ်။ ငပလီ ရွှေဝါချိုင်စခန်းကို ရောက်တဲ့အခါ တိုင်းမှူးဖြစ်တဲ့ဗိုလ်မှူးချုပ် သူရတင်ဦးက ညစာကျွေးတယ်။ သင်္ကြန်ရက်တွေမို့ ကျောင်းသားတွေနဲ့အတူ ရခိုင်သင်္ကြန်ကိုလောင်းလှေထဲက ရေတွေနဲ့ဆော့ကစားကြတယ်။
နောက်တော့ ကျွန်တော်နိုင်ငံခြားပညာတော်သင်ပြန်လာပြီး စီးပွားရေးတက္ကသိုလ်ရဲ့ ခြေလျင်တောင်တက်အသင်းရဲ့ဥက္ကဋ္ဌအနေနဲ့ ရောက်ခဲ့တာ။ ခရီးကသိပ်ကြမ်းတာ။ ကုန်တင်ကားတီအီး (၁၁) သုံးစီးနဲ့ ပြည်မြို့ကတစ်ဆင့် ဧရာဝတီမြစ်ကိုဇက်နဲ့ကူးပြီး လမ်းတစ်ဖက်မှာ ညအိပ်ရတယ်။
အစားအသောက်ကလည်း ကိုယ်တိုင်ချက်စားကြရတော့ ဖြစ်သလိုပဲ။ ငပလီရောက်ဖို့ ချောင်းတွေခဏခဏ ဖြတ်ခဲ့ရတယ်။ စုစုပေါင်း ၁၀ဝ ကျော်။ ပင်ပန်းပေမယ့် ပျော်စရာကောင်းလှတာ။ တစ်လမ်းလုံး မလျှောက်နိုင်ခဲ့တဲ့ ခြေကျင်တစ်လှည့်၊ ကားနဲ့တစ်လှည့်၊ လှေနဲ့တစ်လှည့်။ နောက်တစ်ကြိမ်က လက်ထပ်ပြီးပျားရည်ဆမ်း ခရီးသွားခဲ့တာ။ ဒါပေမယ့် နှစ်ရက်ပဲနေခွင့်ရပြီး လူကြီးတွေက အလုပ်အရေးကြီးတယ်ဆိုလို့ ဇနီးအသစ်စက်စက်ကိုတောင်းပန်ပြီးပြန်လာခဲ့တယ်။ နောက်တစ်ခေါက်က သမီးနဲ့အတူ မိသားစု ခရီးထွက်ခဲ့တယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး ကော်မရှင်တာဝန်နဲ့ နိုင်ငံခြားသားတွေ၊ ဝန်ကြီးတွေနဲ့ ရောက်ခဲ့ပြန်တယ်။ ဒီတစ်ခေါက်တော့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရောက်ခဲ့တာ။ အထူးသဖြင့် ခြောက်လကျော်ကြိုးစားခဲ့ရတဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ထိုးဖို့။ ထိုးဖြစ်အောင် ပုံစံအမျိုး မျိုးနဲ့နောက်ကွယ်က အားထုတ်ခဲ့ရတယ်။ စိတ်ကိုတင်းပြီကြိုးစားခဲ့ရတာ။ လက်မှတ်ထိုးပွဲကို ပထမအကြိမ် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ လုပ်နိုင်အောင်ကြိုးပမ်းရတာ။ ဒီပွဲကြီးကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ရခိုင်ပြည်နယ် အစိုးရက ကမကထလုပ်ခဲ့ပြီး ဂျပန်အစိုးရက အကူအညီပေးခဲ့တာဖြစ်တယ်။ စုစုပေါင်းတက်ရောက်သူ အရေအတွက်က ၆၀ဝ ကျော်၊ အားရစရာ။ ကျွန်တော့်အနေနဲ့ ဒီပွဲဖြစ်စေချင်လှတာ။ ရခိုင်နဲ့ပတ်သက်ရင် ပြည်တွင်း ပြည်ပအမြင်တွေကမျိုးစုံ။ ရှုပ်ထွေးမှု၊ သိမ်မွေ့မှုကို သဘောမပေါက်ကြဘူး။ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေက မျိုးစုံ။ ဖိအားတွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံပဲ။ ပကတိအခြေအနေကို ပြီးပြည့်စုံအောင်မသိကြဘူး။ သိပေမယ့် မသိချင်ယောင်ဆောင်နေတာ။
မြောက်ပိုင်းသုံးမြို့နယ်သာ ပဋိပက္ခဖြစ်ရခိုင်အရေးဟာ မနေ့တစ်နေ့ကဖြစ်တဲ့ပြဿနာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာက လုပ်သင့်တာတွေ မလုပ်ခဲ့တာရှိသလိုမလုပ်သင့်တာတွေကိုလည်း လုပ်ခဲ့တာရှိတယ်။ သမိုင်းက အရှည်ကြီး။ ဘက်ပေါင်းစုံက ကိုယ့်အမြင်နဲ့ကိုယ် သုံးသပ်နေကြတာ။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်နဲ့ ငါးခရိုင်ရှိတယ်။ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေက မြောက်ပိုင်း သုံးမြို့နယ်မှာ။ ကျန်တဲ့ဒေသတွေမှာ အေးချမ်းတယ်။ ငပလီမှာ က္ဘာလှည့်ခရီးသည်တွေအပြည့်။ မြောက်ဦးမှာလည်း ဒီလိုပဲ။ အရေ အတွက်တွေ နည်းသွားတာတော့ မှန်တယ်။ သတင်းမီဒီယာ တွေက ပြည်နယ်တစ်ခုလုံးမှာ ပြဿနာတက်နေသလို ဖော်ပြ နေတာ။ ပဋိပက္ခဖြစ်တဲ့အကြောင်းအရင်း ဇာစ်မြစ်ကို သုံးသပ်ရင် အခြေခံတွေက မျိုးစုံ။ လုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး။ ကျွန်တော့်အနေနဲ့ စီးပွားရေးအခြေခံတွေကိုပြုပြင်ပြောင်းလဲချင်တယ်။ လွတ်လပ်ရေးမရမီ နိုင်ငံမှာ စီးပွားရေးအရ အောင်မြင်တဲ့ဒေသက ရခိုင်ပြည်နယ်။ စစ်တွေဆိပ်ကမ်းဟာ အလွန်စည်ကားလှပြီး ဆန်စပါးအကြီးအကျယ်ထွက်ခဲ့တာ။ သဘာဝအနေအထားအရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းတွေက အလားအလာ အလွန်ကောင်းတာ။ တစ်ဖက်ကလည်းရှည်လျားပြီး လှပတဲ့ကမ်းခြေတွေဟာ နိုင်ငံခြားခရီးသည်တွေကို ဆွဲဆောင်နိုင်တာ။ အခုလောက်စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ရခိုင်ပြည်နယ်ဟာ ပုံစံမျိုးစုံနဲ့ တိုးတက်မှုနှောင့်နှေးခဲ့တယ်။
ကျွန်တော်က နိုင်ငံရေးနဲ့စီးပွားရေးဆက်စပ်မှုကို ယုံကြည်တယ်။ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရင် ရင်ဆိုင်နေရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တယ်လို့ယုံကြညတယ်။ ဒါကြောင့်လည်း UEHRD လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး စီးပွားရေးအခြေအနေ တိုးတက်အောင် ကြိုးစားနေခဲ့တယ်။ ဒီကြိုးပမ်းမှုတွေကိုအရှိန်အဟုန်မြှင့်စေမှာက ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုက အားပေးနိုင်ကြောင်း ယုံကြည်မိတယ်။ ဒီပွဲကိုပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က ဦးဆောင်ခဲ့တာ။
နိုင်ငံတော်၏အတိုင်ပင်ခံ ကိုယ်တိုင်တက်ရောက်ပွဲမစမီတစ်ရက် ကျွန်တော်တို့လေယာဉ်ပျံက ရန်ကုန်က သံတွဲကို ထွက်ခဲ့တယ်။ ဦးသောင်းထွန်းအပါအဝင် ကျန်တဲ့ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအုန်းမောင်၊ ဦးဝင်းခိုင်နဲ့ဒေါက်တာ အောင်သူတို့ ပါဝင်ကြတယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးလည်း ပါဝင်ခဲ့တယ်။ တည်းမယ့် ဟိုတယ်ရောက်ပြီး ကိုရီးယားသံအမတ်ကြီး၊ ထိုင်း သံအမတ်ကြီးတွေနဲ့တွေ့ဆုံခဲ့တယ်။ ညဘက်မှာ ညစာစားရင်း ရခိုင်ပြည်နယ်က စီစဉ်ထားတဲ့ဖျော်ဖြေပွဲကို ကြည့်ရှုကြတယ်။ နိုင်ငံအသီးသီးက သံအမတ်ကြီး ရှစ်ဦးတက်ရောက်တာ တွေ့ရလို့ အားရမိတယ်။ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံဖို့ဆန္ဒ ရှိတဲ့သူတွေ တက်ရောက်ကြတယ်။ ဖွင့်ပွဲနေ့ရောက်တော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောခဲ့တယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အခုလိုကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာတာဟာ ရင်းနှီးမြှုပ်နှံမှုပွဲရဲ့ အရေးပါမှုကို မီးမောင်းထိုးပေးခြင်းဖြစ်တယ်။ သူ့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုခဲ့တယ်။ အခုလို နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ရခိုင်ပြည်နယ်အပေါ် ယုံကြည်မှုပေးတာဟာ အားရစရာပါ။ အမှန်တော့ အခုလိုအချိန်အခါမျိုးမှာ သူ့အနေနဲ့ ရခိုင်ပြည်နယ်ကို လာရောက်ခဲ့တာကိုချီးကျူးရမှာဖြစ်တယ်။ သူ့ရဲ့မိန့်ခွန်းကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမယ့်သူတွေအနေနဲ့ အားရကျေနပ်ကြပါတယ်။ မိန့်ခွန်းပြောပြီးချိန်မှာ ပြခန်းတွေကို လာရောက်ကြည့်ရှုအားပေးကြတယ်။ ပြခန်းတွေကမျိုးစုံ။ နိုင်ငံခြားကုမ္ပဏီတွေ၊ ပြည်တွင်း ကုမ္ပဏီတွေ၊ စွန့်ဦးတီထွင်မှုတွေ ပုံစံအမျိုးမျိုး။ အားရစရာတွေ။
ထမင်းမစားမီ ကျွန်တော်စီစဉ်ခဲ့တဲ့ သဘောတူစာချုပ်ကိုထိုးဖြစ်ခဲ့တယ်။ ထိုင်းကုမ္ပဏီက ဒေါ်လာသန်း ၂၀ ကျော်။ ပုစွန်၊ ငါး၊ မွေးမြူရေး အအေးခန်းစက်နဲ့ ဆိုလာစက်ရုံဆောက်လုပ်ဖို့ဖြစ်တယ်။ ကုမ္ပဏီရဲ့အကြီးအကဲနဲ့ ပြည်နယ်ဝန်ကြီး ဦးကျောအေးသိန်းတို့က လက်မှတ်ထိုးကြတယ်။ ကျွန်တော်နဲ့ထိုင်း သံအမတ်ကြီးတို့က သက်သေအဖြစ်လက်မှတ်ထိုးခဲ့ပါတယ်။ လနဲ့ချီကြိုးစားခဲ့တာကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာ ကျေနပ်မိတယ်။
အချုပ်အခြာအာဏာ မထိပါးတဲ့အဖြေ ထုတ်ဖို့လိုအမှန်တော့ ဒီလက်မှတ်ထိုးပွဲက အစသာဖြစ်တယ်။ ဆက်လက်ပြီး ဒေါ်လာသန်း ၂၀ဝ တန် ရင်းနှီးမြှုပ်နှံမှုတွေဝင်ဖို့ရှိတယ်။ တစ်ဖက်ကလည်း ရန်ကုန်မှာ အခြေစိုက်ထားတဲ့ကိုရီးယားပိုင်အထည်ချုပ်စက်ရုံတစ်ရုံကို စစ်တွေကို ရွှေ့ဖို့ဆွေးနွေးခဲ့တယ်။ ကျွန်တော်နဲ့အတူ UEHRD ရဲ့ အလုပ်အဖွဲ့တွေဟာ အလုပ်အကိုင်အခွင့်အလမ်းတိုးမှု စိုက်ပျိုးရေး၊ မွေးမြူရေး၊ သားငါးလုပ်ငန်းတွေမှာ ဆောင်ရွက်ဖို့။ မောင်တောမြို့နယ်မှာ စီးပွားရေးဇုန်တစ်ခုဖော်ထုတ်ဖို့ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းအတွက်၊ စစ်တွေ-မောင်တော လမ်းမကြီးကို Asia World က ဦးထွန်းမြင့်နိုင် ဦးစီးပြီးဖောက်လုပ်ပေးခဲ့တာ မကြာမီ ပြီးတော့မယ်။ ဒီလမ်းမကြီးကတစ်ဆင့် အလွန်အရေးပါလှတဲ့ စီးပွားရေးကုန်သွယ်မှုလုပ်ငန်းတွေ ဖြစ်ထွန်းတော့မှာ ဖြစ်တယ်။
UEHRD အနေနဲ့ ကနဦးမှာ တစ်ဖက်နိုင်ငံရောက်နေသူတွေကို ပြန်လည်လက်ခံနိုင်အောင် ကြိုးစားအားထုတ်ခဲ့ကြတယ်။ အခုအချိန်မှာတော့ စခန်းတွေမှာရှိနေသူတွေနဲ့ လူ့အဖွဲ့အစည်းအမျိုးမျိုး အတူတူနေထိုင်ကြတဲ့ရွာတွေကို ဦးစားပေးပြီး အကူအညီပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ရခိုင်ပြည်နယ် ပြဿနာဟာ ကြီးမားလှပါတယ်။ အဖြေကို အလွယ်တကူရနိုင်ဖို့ ခဲယဉ်းတယ်။ ဒါပေမယ့် လုပ်စရာရှိတာတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ကြရမှာဖြစ်တယ်။ ပြီးခဲ့တာတွေကို အာရုံစိုက်နေရုံနဲ့မပြီးဘူး။ ဖြစ်ခဲ့တာတွေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒါတွေကို စဉ်းစားနေတာထက် နောက်နှစ်ပေါင်း ၂၀ ကျော်မှာ ရခိုင်ပြည်နယ်ကို ဘယ်လိုဖြစ်စေချင်သလဲဆိုတဲ့ရူပါရုံကိုဖော်ထုတ်ဖို့ လိုအပ်တယ်။ ဒီရူပါရုံကို အားလုံးက လက်ခံနိုင်အောင် ကြိုးစားရမယ်။ အပေးအယူလုပ်ရမယ်။ ညှိနှိုင်းရမယ်။ အချုပ်အခြာအာဏာကို မထိပါးတဲ့အဖြေ ထုတ်ရမယ်။ နိုင်ငံတကာရဲ့ အမြင်ကိုလည်း အသိအမှတ်ပြုပြီး ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမှာ။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်


