မန္တလေး ၄ မတ် 


လျှပ်စစ်သုံးစွဲမှု ကျသင့်ငွေမီတာခ တောင်းခံလွှာကို ဖုန်းမှတစ်ဆင့်ကြည့်ရှု စစ်ဆေးနိုင်မည့် ၁၂ နေရာထိ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

 

http://www.mdn.gov.mm/sites/default/files/inline-images/44684550_2137336609852171_413539959727718400_n.jpg


ယခုလက်ရှိတွင် မန္တလေးခရိုင် အတွင်းရှိ မြို့နယ် ခုနစ်ခုတွင်သာ လျှပ်စစ်သုံးစွဲမှု ကျသင့်ငွေ မီတာခ တောင်းခံလွှာကို ဖုန်းမှတစ်ဆင့် ကြည့်ရှုနိုင်ပြီး လာမည့်ဧပြီလ မတိုင်မီ ပြင်ဦးလွင်၊ မိုးကုတ်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပုဂံဒေသတို့တွင် ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။


"လောလောဆယ်တော့ မန္တလေးခရိုင် အတွင်းပဲ ကြည့်လို့ရသေးတယ်။ ဒါကိုလဲ သိတဲ့သူ တော်တော်နည်းပါသေးတယ်။ အင်တာနက်မိတဲ့ ဘယ်နေရာကမဆို ကြည့်လို့ရတဲ့အတွက် မီတာခပေးရမယ့် နောက်ဆုံးရက်ကို နောက်မကျဘဲ အချိန်မီ ငွေသွင်း နိုင်မယ်။ ငွေသွင်းပြီးတာကိုလဲ ဖုန်းမှာပြန် ကြည့်လို့ရတဲ့ အတွက် မီတာစာရွက် ပျောက်မှာလဲ ပူစရာမ လိုတော့ဘူး။ ငွေပေးသွင်းဖို့အတွက် ဘဏ်နဲ့ ချိတ်ဆက်ရပါမယ်။ ဘဏ်စာရင်း တစ်ခါဖွင့်ပြီးရင် သက်ဆိုင်ရာ ဘဏ်ရဲ့ ငွေပေးချေမှု နည်းလမ်းအတိုင်း ဆောင်ရွက်ရုံပါပဲ" ဟု အဆိုပါ ကော်ပိုရေးရှင်း စီမံဌာနရှိ ဒုတိယ အထွေထွေမန်နေဂျာ ဦးမြင့်လွင်က ပြောသည်။


ငွေပေးသွင်းရန်အတွက် လက်ရှိတွင် CB ဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့နှင့် စာချုပ်ချုပ်ဆို ချိတ်ဆက်ထားပြီး ဆက်လက်၍ ကမ္ဘောဇဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်တို့ နှင့်လည်း စာချုပ်ချုပ်ဆို ချိတ်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။


မန္တလေးခရိုင်အတွင်း လျှပ်စစ်မီတာခ တောင်းခံလွှာကို Android ဖုန်းများဖြင့် Play Store တွင် MESC Application ကို Download ဆွဲ၍လည်းကောင်း၊ www.mese.com ရိုက်ထည့်၍လည်းကောင်း မိမိအိမ် မီတာစာရွက်တွင် ပါရှိသည့် မီတာအမှတ်နှင့် ကွန်ပျူတာကုတ်ကို ထည့်သွင်းရိုက်နှိပ်ကာ လစဉ်လဆန်း ၁၁ ရက်မှစ၍ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်းမှ သိရသည်။


သူရိန်လင်း