အောင်လံ ၄ မတ်
အောင်လံမြို့ စည်ပင်သာယာရေးမြို့မဈေးကြီး၌ အစာ၊ ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများအတွက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီခွဲက စတင်၍ ဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမြလင်း၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးကျော်မျိုးမင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးလွင်တို့မှ အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးဟောပြောကြပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် ပြခန်းများပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးပြခန်း ပြသခြင်းကို နံရံကပ်စာစောင် ပိုစတာများဖြင့် (၃)ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းလွင် (အောင်လံ)


