ရေနံချောင်း ၄ မတ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ ရေနံ့သာမောင်နှင့်မယ် ဆပ်ကော်မတီမှ ဦးစီးကျင်းပသော ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၊ အိမ်ထောင်ရှင် ကာယအလှမယ်ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာခြင်းအလှ ခတ်ပြိုင်ပွဲများကို မတ် ၃ ရက် ညနေ ၆ နာရီခွဲက မြို့မဈေးကြီး အပေါ်ထပ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ရေနံချောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ ကိုယ်စားပြု အိမ်ထောင်ရှင် အလှမယ် ၁၁ ဦး၊ ကာယဗလမောင် ၈ ဦးနှင့် ကာယအလှမယ် ၁၀ ဦးတို့က သတ်မှတ်ထားသော ကိုယ်နေဟန်လေးမျိုးနှင့် စိတ်ကြိုက်ကိုယ်နေဟန် သုံးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ရိုးရာ ခြင်းအလှခတ်ပြိုင်ပွဲတွင် အဖွဲ့လေးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီသည့် ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ရေနံချောင်းမြို့နယ် အမှတ်(၁)နှင့် အမှတ်(၂) မဲဆန္ဒနယ်တို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူး၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ရေနံ့သာမောင်နှင့်မယ် ဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များနှင့် စိတ်ဝင်စားသူ ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


