ရန်ကုန် ၄ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ ရန်ကုန်-အင်းစိန် လမ်းမကြီးဘေးရှိ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (အင်းစိန်) ရုံးအတွင်းရှိ လူထုအခြေပြုဗဟိုဌာန အင်တာနက်ခန်းမ၌ မတ် ၃၁ ရက်တွင် ကျင်းပတော့မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်၊ မြို့တော်စည်ပင် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများအတွက် သိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း သိကောင်းစရာများ၊ အသိပညာပေး ဟောပြောပွဲကို မတ် (၃)ရက် နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် New Myanmar Foundation ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ အကြီးတန်း အစီအစဉ်နှင့် အစိုးရဆက်ဆံရေးဆိုင်ရာ ညွှန်ကြားရေးအရာရှိ ဒေါ်မီကီကျော်မြင့်က အမှာစကားပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲ လမ်းညွှန်ချက်များ၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို မြို့နယ်စည်ပင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်အေးကလည်းကောင်း၊ ဘယ်သူတွေကို ဘယ်လိုမဲပေးရမလဲ- မဲပေးပုံ မဲပေးနည်းတို့ကို မြို့နယ်စည်ပင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝင်းနိုင်ကလည်းကောင်း၊ တောင်းဆိုလွှာ ပုံစံ(၃)၊ ကန့်ကွက်လွှာ ပုံစံ(၄)နှင့် ပြင်ဆင်လွှာ ပုံစံ(၅)တို့ကို ခရိုင် ပြန်/ဆက် ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်က လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပြီး အင်းစိန်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက နိဂုံးချုပ် ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားခဲ့သည်။ ဟောပြောပွဲသို့ မဲဆန္ဒရှင် ပြည်သူ (၉၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဉာဏ်လင်း


