တီဟီရန်၊ စက်တင်ဘာ ၂၂
ဒေသတွင်း၌ နောက်ထပ်ရာဇဝတ်မှုများ မကျူးလွန်ရန် အီရန်သမ္မတ မာဆော့ ပီဇက်ခီရန်က အစ္စရေးကို သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံမြို့တော် တီဟီရန်၌ ကျင်းပသည့် စစ်ရေးပြ အခမ်းအနားတွင် အီရန်သမ္မတ မာဆော့ပီဇက်ခီရန်က မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်က စတင်ခဲ့သော အီရန်-အီရတ် စစ်ပွဲနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အီရန်နိုင်ငံက နိုင်ငံတစ်ဝန်း၌ စစ်ရေးပြ ချီတက်ပွဲများကို နှစ်စဉ်ပြုလုပ်လေ့ရှိသည်။ အဆိုပါစစ်ရေးပြပွဲအခမ်းအနားတွင် ဒုံးကျည်များ၊ တင့်ကားများအပါအဝင် နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်း အမျိုးအစားသစ်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။
Shahed-136B မောင်းသူမဲ့လေယာဉ်သည် ကီလိုမီတာ ၄၀၀၀ ကျော် ပျံသန်းနိုင်ကြောင်း အီရန်အစိုးရပိုင် ရုပ်မြင်သံကြားဌာနက ဖော်ပြခဲ့သည်။ ဒေသတွင်း၌ စည်းလုံးညီညွတ်မှုရှိမည်ဆိုပါက အစ္စရေးအနေဖြင့် ရာဇဝတ်မှုများကို ကျူးလွန်နိုင်ခြင်းမရှိနိုင်ကြောင်း အီရန်သမ္မတ မာဆော့ ပီဇက်ခီရန်က ပြောကြားသည်။
ဇူလိုင်လတွင် တီဟီရန်မြို့တော်၌ ထိပ်တန်းဟားမတ်စ်ခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုကို လက်စားချေရန် အီရန်က ၎င်း၏ကတိကို ပျက်ကွက်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆော့ ပီဇက်ခီရန်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


