ငါန်းဇွန် ၄ မတ်

 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ တာဝန်ယူဆောင်ရွက်မည့် Well Done Engineering ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရေပေးရေးလုပ်ငန်း ဆောင်ရွက်မည့်ကျေးရွာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းက ကျေးလက်ရေပေးရေး လုပ်ငန်းအတွက် ဦးစီးဌာနမှ မြေပြင်ကွင်းဆင်း ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျေးရွာမှ တာဝန်ရှိသူများအနေဖြင့် အိမ်တိုင်ရေသွယ်စနစ်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ Well Done Engineering ကုမ္ပဏီမှ တာဝန်ခံ ဦးအောင်မျိုးဟိန်းက ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးမည့် နည်းလမ်းအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

ငါန်းဇွန်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်မည့်ကျေးရွာများမှာ ငါန်းမြာကျေးရွာ၊ ဒီဃာယုကျေးရွာနှင့် တမာပင်လေးကျေးရွာတို့ဖြစ်ပြီး မူလငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၇ ဒသမ ၅၅ သန်း အကုန်အကျခံကာ အနက်ပေ ၆၀ဝ ရှိ လေးလက်မ စက်ရေတွင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေနှင့် အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ငါန်းဇွန်)