ပွင့်ဖြူ ၄ မတ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လူကုန်ကူးမှု ပြဿနာဖြစ်ပွားမှုများ လျော့နည်းကင်းဝေးစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို မတ် ၄ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ စုစုပေါင်း ၂၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်က မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ လူကုန်ကူးမှုပြဿနာများ မဖြစ်စေရေး ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်ရာတွင် တရားဝင် ရွှေ့ပြောင်းသွားလာခြင်း၏ ကောင်းကျိုးများ၊ တရားမဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ပါက အလုပ်သမားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေး နစ်နာဆုံးရှုံးမှုများနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန် အချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက မိမိတို့ကျေးရွာအလိုက် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးရာ မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်က ကျေးရွာများမှ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


