နေပြည်တော် ၄ မတ် 

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူး - ဖောင်ကြီးလမ်းနှင့် ဆက်သွယ်ထားသည့် ငါးဆူတောင် - ကြာအင်း - ကမ်းနီ ကျေးလက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှု အခြေအနေအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မတ် (၃) ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က ၂၀၁၈ - ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးလက်လမ်း၊ တံတားများဆောင်ရွက်ထားရှိမှု၊ လှည်းကူးမြို့နယ်အတွင်း အဓိကလမ်းမကြီးများနှင့် ကျေးလက်လမ်းများ ဆက်သွယ်ဖောက်လုပ်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြ၍ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ဖြည့်စွက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးဆူတောင် - ကြာအင်း - ကမ်းနီလမ်းပေါ်တွင် ငမိုးရိပ်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် ယခင်ဘေလီတံတားဟောင်းသည် ကြံ့ခိုင်မှုအားနည်းသည့်အတွက် အရှည် (၁၇၀) ပေ သံကူကွန်ကရစ် အမျိုးအစား ငမိုးရိပ်ချောင်းကူး တံတားသစ် တည်ဆောက်မည့် လုပ်ငန်းများနှင့် တံတားသစ်တည်ဆောက်နေစဉ် ယာယီလမ်းလွှဲ ဘေလီတံတားထိုးနေမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသထွက်ကုန် ပစ္စည်းများကို မြို့ပြသို့ ပို့ဆောင်ရာတွင် အဓိကကျသည့် လမ်းဖြစ်သည့်အတွက် တံတားလုပ်ငန်းများ အမြန်ဆုံး စတင်ဆောင်ရွက်ရန်မှာကြားပြီး လက်ရှိတံတား၏ ကြံ့ခိုင်မှုနှင့် ယာယီဘေလီတံတား ထိုးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ငါးဆူတောင် - ကြာအင်း - ကမ်းနီကျေးလက်လမ်းသည် ဒေသထွက်ကုန်များကို မြို့ပြသို့ ပို့ဆောင်ရာတွင် အဓိကကျသည့် လမ်းတစ်လမ်းဖြစ်ပြီး ကျေးရွာ (၉) ရွာ၊ အိမ်ခြေ (၃၉၄၅)နှင့် လူဦးရေ (၁၆၄၁၂) ဦးကို အကျိုးပြုမှာဖြစ်ကြောင်း သိရှိရသည်။  

 

(သတင်းစဉ်)