စစ်တွေ  ၄  မတ် 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၏ (၁၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က တရားရုံးများ၏ ပင်မလုပ်ငန်းတာဝန်ဖြစ်သော တရားစီရင်ရေးလုပ်ငန်း တိုးတက်ကောင်းမွန်ရန်၊ မှန်မှန်နှင့် မြန်မြန် စစ်ဆေးစီရင်နိုင်ရန်၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှု ကင်းစင်သည့်တရားစီရင်ရေး၊ အဂတိတရားကင်းစင်သည့် တရားစီရင်ရေးဖြစ်ပေါ်ရေး၊ တရားရုံးများရှိ သက်သေခံပစ္စည်းများ ထိရောက်မြန်ဆန်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များအဆင့်ထိ အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးသည် နိုင်ငံတော်၏ အခြေခံမူဖြစ်သကဲ့သို့ တရားစီရင်ရေးမူတစ်ရပ်လည်းဖြစ်ကြောင်း ၊ မှုခင်းများကို တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်များကို လေ့စားလိုက်နာပြီး သာတူညီမျှမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ဥပဒေနှင့်အညီ ဆောင်ရွက်မှုတို့ဖြင့်တရားရုံးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ထိန်းသိမ်းသွားကြရန်နှင့် တရားစီရင်ရေးအပေါ် အများပြည်သူတို့၏ ယုံကြည်ကိုးစားမှု တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ထပ်ဆင့်ရှင်းလင်းသည်။

 

ထို့နောက်တရားရုံးအဆင့်ဆင့်မှ တရားသူကြီးများမှ ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်တရားသူကြီးချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားသူကြီးချုပ်ရုံး ရုံးအဖွဲ့မှူးနှင့် ပြည်နယ်အတွင်းရှိ တရားရုံးအဆင့်ဆင့်မှ တရားသူကြီးများနှင့် တရားရေးအရာရှိများ တက်ရောက်ကြကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)

 

1.02