တိုကျို၊ စက်တင်ဘာ ၂၉
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် ခေါင်းဆောင်သေဆုံးပြီးနောက် လက်ဘနွန်အခြေစိုက် ရှီယာမွတ်စလင် ဟစ်ဇ်ဘိုလာအဖွဲ့အား ထိုးစစ်ဆင်မှုကို အရှိန်မြှင့်ရန်ဆန္ဒရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထုတ်ဖော်ပြောကြားသည်။ နေတန်ယာဟုက ၎င်း၏နိုင်ငံသည် ကြီးမားသော အောင်မြင်မှုများရရှိခဲ့ပြီး ဟတ်ဆန်နက်စ်ရယ်လာ သေဆုံးခဲ့သော်လည်း အစ္စရေးက သတ်မှတ်ထားသော ရည်မှန်းချက်များပြည့်မီရန် လိုနေသေးကြောင်း ပြောကြားသည်။
မြောက်ဘက်ဒေသများရှိ ဒေသခံများအား ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပို့နိုင်ရေးနှင့် ဒေသအတွင်း အာဏာချိန်ခွင်လျှာကို အပြောင်းအလဲပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်ကို ထောက်ခံသည့် ဟစ်ဇ်ဘိုလာတို့အား တိုက်ခိုက်ခြင်းသည် ဂါဇာကမ်းမြောင်တွင် ထိန်းသိမ်းခံထားရသော ဓားစာခံများ လွတ်မြောက်ရေးအတွက် ဖိအားပေးရန်လည်း ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။
နက်စ်ရယ်လာသေဆုံးပြီး နောက်ပိုင်းအထိ အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ စက်တင်ဘာ ၂၈ ရက်က တိုက်ခိုက်မှုအတွင်း လူ ၃၃ ဦး သေဆုံးပြီး ၁၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ ဂါဇာကမ်းမြောင်နှင့် ပါလက်စတိုင်းတို့ကို ထောက်ခံအားပေးမှုနှင့်အတူ လက်ဘနွန်ကို ခုခံကာကွယ်သွားမည်ဟု ဟစ်ဇ်ဘိုလာက ဆက်လက်ပြောဆိုခဲ့သဖြင့် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ တိုးလာလျက်ရှိသည်။
အင်န်အိတ်ချ်ကေ


