မောင်တော ၄ မတ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာအုပ်စု၊ ဈေးကုန်တန်းကျေးရွာမှ ဒေါ်ဘေလွှာ(ဘ) ဦးမော်တီရာမံ အသက်(၇၀)နှစ်သည် (၁၂−၅−၂၀၁၈) မှ (၁၇−၁၁−၂၀၁၈)ထိ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သည့်အတွက် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ လတ်တလောပြဋ္ဌာန်းချက်များ ဥပဒေပုဒ်မ၃(၂)နှင့် (၁၃)(၁)တို့အား ကျူးလွန်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် သွားရောက်ခဲ့ခြင်းဖြစ်သည့်အတွက် UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံရန် ဒေါ်ဘေလွှာက သက်ဆိုင်ရာအား အကြောင်းကြား တင်ပြခဲ့သည်။
ထို့ကြောင့် မတ် ၄ ရက်၊ ယနေ့နံနက်ပိုင်းက ဒေါ်ဘေလွှာအား ပြန်လည်လက်ခံရေး ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ပေးလျှက်ရှိရာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်စိန်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး စခန်းရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးက ပြန်လည်လက်ခံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြန်လည်လက်ခံရေးဆောင်ရွက်မှု လုပ်ငန်းများအား စခန်းအတွင်းဖွင့်လှစ်ထားသည့် သက်ဆိုင်ရာဌာနအသီးသီးမှ လုပ်ငန်းစဉ်များအတိုင်း လက်ခံဆောင်ရွက်ပေးသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဒေါ်ဘေလွှာအား လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့ ဆက်လက် ပို့ဆောင်ပေးကာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်က လက်ခံကြိုဆိုပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်ဆက်မှ သိရသည်။
MDN


