နေပြည်တော်  ၄  မတ် 

 

ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ပထမ အကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၅)တွင် ကျင်းပသည်။

 

အစည်းအဝေးတွင် ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urban Mass Rapid Transit – YUMRT) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊  ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်က ပို့ဆောင်ရေးကဏ္ဍ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းကို ရေးဆွဲပြီး ဦးစားပေးအစီ အစဉ်များအတိုင်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် ရန်ကုန် မြို့တော်၏ မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်  ဖွံ့ဖြိုးရေးကို စနစ်တကျဆောင်ရွက် နိုင်ရန်အတွက် Urban Transport Development Plan in Greater Yangon - YUTRA ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါ နှစ်ရှည်စီမံကိန်းအရ ခေတ်မီလူထုမြို့ပြရထား ပို့ဆောင်ရေးစနစ် တောင်-မြောက်လမ်းပိုင်း (ဘူတာကြီး-မင်္ဂလာဒုံလေဆိပ်) နှင့် အရှေ့-အနောက်လမ်းပိုင်း (လှိုင်သာယာ-တိုးကြောင် ကလေး)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကနဦးလေ့လာမှုကို ၂၀၁၆ ခုနှစ်၊ သြဂုတ်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်အထိ ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါ အသေးစိတ်လေ့လာမှုဆောင်ရွက်လျက်ရှိပြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လတွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် နှစ်ကုန်တွင် အပြီးသတ်အစီရင်ခံစာထွက်ရှိမည်ဖြစ်ကြောင်း၊ စီမံကိန်းအား သတ်မှတ်ကာလအတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီနှင့် ကားလမ်းကူးနေရာများ၌ ယာဉ်ကြောပိတ်ဆို့မှုဖြေလျှော့ရေး ကော်မတီ အသီးသီးကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှု ဖြေရှင်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု သည် ယခုစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုနှင့် သက်ဆိုင်လျက် ရှိသဖြင့် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ရရှိရေး၊ လိုအပ်သော မြေယာများ အသုံးပြုခွင့်ရရှိရေးတို့အား ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် လိုအပ်ချက်များ အကြံပြုပေးကြပါ ရန် ပြောကြားသည်။


 
ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေးဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများ မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)