နေပြည်တော် ၄ မတ်
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ မသန်စွမ်းမှု စစ်တမ်းကောက်ယူ ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းမှုတစ်မျိုးမျိုးဖြင့် ကြုံတွေ့နေရပြီး မသန်စွမ်းဖြစ်ပွားမှုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍မြင့်မားသည်ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိရေး ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေအများအရ မသန်စွမ်းသူများ လူဦးရေစာရင်းနှင့် လူမှုစီးပွားအခြေအနေ စစ်တမ်းကောက်ယူခြင်းအပါအဝင် မသန်စွမ်းသူများနှင့် သက်ဆိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီက ကြီးမှူး၍ မသန်စွမ်းသူအရေအတွက်နှင့် မသန်စွမ်းသူများ၏လိုအပ်ချက်များ ဘဝရှင်သန်နေထိုင်မှုနှင့် ပတ်သက်သည့် အချက်အလက်များရရှိနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ယခုလို မသန်စွမ်းမှုစစ်တမ်း ကောက်ယူရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပထမအကြိမ်ကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စစ်တမ်း ကောက်ယူရာတွင် အသုံးပြုနိုင်မည့် မေးခွန်းလွှာများ၊ နယ်ပယ်များ၊ နည်းလမ်းများ၊ တာဝန်များ၊ စစ်တမ်းကောက်ယူရေး ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးတို့ကို စတင်ဆွေးနွေး ညှိနှိုင်းသွားရမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအား လူမှုအသိုင်းအဝိုင်းအတွင်း တန်းတူပါဝင်ခွင့် ရရှိရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွင် မသန်စွမ်းသူများ၏အရေးကိစ္စကို ထည့်သွင်း ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြု စီမံ ဆောင်ရွက်မှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများကြုံတွေ့နေရသော ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုမြှင့်တင်ပေးရေး၊ တန်းတူညီမျှရရှိစေရေး၊ ဥပဒေရေးရာဆိုင်ရာ ပံ့ပိုးမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ မသန်စွမ်းသူများအတွက် အကောင်းဆုံး အကျိုးစီးပွား တို့ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်ရန်အတွက် မသန်စွမ်းမှုစစ်တမ်းကောက်ယူနိုင်ရေး ညှိနှိုင်းပွဲ အစည်းအဝေးတွင် ဝိုင်းဝန်းကူညီဆွေးနွေး ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Voluntary Service Overseas (VSO) မှ Country Director ဖြစ်သူ Mr. Ben William က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ခြင်း၊ဆွေးနွေးပွဲ၏ရည်ရွယ်ချက်၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူရခြင်းနှင့် ပတ်သက်၍ရှင်းလင်းခြင်း၊ အဖွဲ့လိုက်ဆွေးနွေးနိုင်ရေးအတွက် ပုံစံများနှင့်ဆွေးနွေးခြင်း၊ Technical Advisory Committee ဖွဲ့စည်းနိုင်ရေးအတွက် ရှင်းလင်း ပြောကြားခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိ သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


