နေပြည်တော်  ၄  မတ်

 

တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများကို တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ မိမိနိုင်ငံအတွင်း ပြန်လည်ပို့ဆောင်မှုများအပေါ်ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးစကားပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက  ဆွေးနွေးစကားပြောကြားရာတွင် တစ်ဖက်နိုင်ငံ၌ သွားရောက် အလုပ် လုပ်ကိုင်နေသည့် မိမိတို့နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ မိမိတို့နိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့်အခါ ပြန်လည်လက်ခံရေးအတွက် အစီအမံများ ဖော်ထုတ်နိုင်ရန် ယခုလို အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊  လက်ရှိတွင် မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် ပြန်လည်ဝင်ရောက်လာခြင်းများ နေ့စဉ်ရှိပါကြောင်း၊ ယင်းသို့ ဝင်ရောက်လာရာတွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်ရောက်ရှိနေသူ၊ တဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူ၊  မူးယစ်ဆေးဝါးသုံးစွဲနေသူ၊ ပြစ်မှု ကျူးလွန်၍ ပြစ်ဒဏ်အမျိုးမျိုး ကျခံခဲ့ရသူ၊ ဘဝရပ် တည်ရန်ခက်ခဲသူ၊ နာမကျန်းဖြစ်နေသူများအပြင် တဖက်နိုင်ငံတွင် အခြေကျနေခဲ့သူများလည်း ရောပါလာကြောင်း၊ ယင်းကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်  နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံသားများ တဖက်နိုင်ငံမှာ အလုပ်လုပ်ရာတွင်  တရားဝင်လုပ်ကိုင်နိုင်ပါက အလုပ်သမားမိသားစုများအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာအားလုံးစိစစ်လေ့လာ သုံးသပ် ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့သည်။    

 

ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်နယ်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရန်ပုံငွေထောက်ပံ့ပေးနိုင်မည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးကိစ္စရပ်များ၊  မူးယစ်ဆေးစွဲနေသူများအား ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များ အမြန်ဆုံးရေးဆွဲဆောင် ရွက်ရေး၊ တစ်ဖက်နိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမား များကို တစ်ဖက်နိုင်ငံက ဖမ်းဆီး၍ မိမိနိုင်ငံသို့ပြန်လည် ပို့ဆောင်မှုများအပေါ် စိစစ်လက်ခံရေး လုပ်ငန်းများနှင့် နေရပ်အရောက် ပြန်လည်ပို့ဆောင်ပေးနိုင်မည့် လုပ်ငန်းအစီအစဉ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်

 

age KZ