မန္တလေး ၄ မတ်

 

မန္တလေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) တို့ ပူးပေါင်း၍ ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှ ရေယာဉ်များ ဘေးအန္တရာယ်ကင်းပြီး စနစ်တကျ ပြေးဆွဲရေးနှင့်စည်းကမ်းလိုက်နာရေး ပညာပေးဆွေးနွေးပွဲကို  မတ် ၄ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ရှိ အဆိုပါ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရေယာဉ်အသင်းများနှင့် ရေယာဉ်ပိုင်ရှင်များ တက်ရောက်ကြသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေ၊ မြန်မာ့ကမ်းရိုးတမ်းနှင့် ပြည်တွင်း ရေယာဉ်ကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ရေယာဉ်မောင်းသူများနှင့် ရေယာဉ်ခရီးသည်များ လိုက်နာရန်အချက်များကို တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။

 

“ပြီးခဲ့တဲ့နှစ်က ပုဂံ-ညောင်ဦးမှာ ရေယာဉ်တိုက်မှုဖြစ်ခဲ့တော့ ခရီးသည်တစ်ဦး အသက်ဆုံးရှုံးမှုရှိခဲ့တယ်။ ကျွမ်းကျင်သူမဟုတ်ဘဲ တခြားသူကမောင်းတာကြောင့် ပုဒ်မတစ်ခု၊ အသက်ကယ်   အင်္ကျီတွေမပါတာ၊ ခရီးသည်ပိုပြီးတင်ဆောင်တာ စတဲ့စည်းကမ်းနဲ့မညီတာကြောင့် တရားစွဲဆိုထားတာ ၄ မှုရှိတယ်။ ခရီးသည်တွေဘေးကင်းဖို့ သက်ကယ်အင်္ကျီနဲ့ မီးသတ်ဆေးဘူးတို့ပါရှိဖို့ အရက်သေစာ သောက်စားမမောင်းကြဖို့ ခရီးသည်တွေကလည်း ခေါင်မိုးပေါ်တက်စီးတာ မလုပ်ဖို့ လိုပါတယ်။” ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးသန့်စင်ဦးက ပြောသည်။

 

ရေယာဉ်များအနေဖြင့် ဆိပ်ကမ်းမှ မထွက်ခွာမီ ဌာနမှ ရေယာဉ်လုံခြုံမှုပိုင်းဆိုင်ရာများ၊ ရေယာဉ်မောင်း၊ စက်ခန်းအုပ်များကသက်ဆိုင်ရာအလိုက် ကျွမ်းကျင်လိုင်စင်များရှိမရှိ ခရီးသည်များ ဘေးကင်းလုံခြုံရေး အစီအမံများ လိုက်နာထားမှု ရှိမရှိနှင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း စစ်ဆေးကြောင်း၊ ဌာနနှင့်ရေကြောင်းရဲတပ်ဖွဲ့တို့ကလည်း ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသကဲ့သို့ စည်းကမ်း လိုက်နာခြင်းမရှိပါက အရေးယူမှုများ လုပ်ဆောင်ခဲ့ရာ ၂၀၁၈ အောက်တိုဘာထိ စာရင်းများအရ ၃၄ မှု ရှိခဲ့ကြောင်း သိရသည်။

 

“ရေကြောင်းထဲမှာ သွားလာနေတဲ့ ပြည်သူတွေ အထူးသဖြင့် အန္တရာယ်ကင်းဘေးရှင်းအောင် အဓိကထားပြီး ပညာပေးဆွေးနွေးတယ်။ စည်းကမ်းနဲ့မညီတဲ့ ရေယာဉ်တွေဆိုရင် ရေကြောင်းဦးစီးဌာနနဲ့ သက်ဆိုင်ရာ ရေယာဉ်အသင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တယ်။ ရည်ရွယ်ချက်က ရေကြောင်းကဏ္ဍမှာ လုပ်ကိုင်နေကြသူတွေ မလိုအပ်ဘဲ သူတို့အကျိုးစီးပွာတွေ မယုတ်လျော့အောင် လုပ်ဆောင်တာပါ။” ဟု ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) ဒုတိယရဲမှူးကြီးအောင်ဇော်မြင့်က ပြောသည်။

 

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ မန္တလေးတိုင်းဒေသကြီးရုံးအနေဖြင့် ခွင့်ပြုပေးခြင်းနှင့် သဘောထားမှတ်ချက် တောင်းခံမှုများအရ ခွင့်ပြုခဲ့သည့် ရေယာဉ် ၁၁၅ စီးနှင့် ရေယာဉ်အသင်း ၃၇ သင်းရှိပြီး ရေကြောင်းကဏ္ဍဖြင့် စီးပွားရေးလုပ်ကိုင်သူများ၊ ရေယာဉ်လုပ်သားများ၊ ခရီးသည်များနှင့် ပါဝင်ပတ်သက်သူ အားလုံးက ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အလေးထား လိုက်နာကြရန်နှင့် မသိနားမလည်သည်များကိုဌာနသို့ မေးမြန်းဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)