ရန်ကုန်  ၄  မတ် 

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် စီမံချက်ဧရိယာအတွင်းပါဝင်သည့် ဒလမြို့နယ်၌  တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် မှုခင်းများလျော့နည်းကျဆင်းစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စောမောင်က  မှုခင်းများကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမှုကြီးများမဖြစ်ပွားစေရေး၊ နာကျင်ထိခိုက်မှုများ မဖြစ်ပွားစေရေးနှင့်  ခိုးမှုများလျော့နည်းကျဆင်းစေရေးတို့အတွက် ရဲတပ်ဖွဲ့၏ ဦးတည်ချက် (၅)ချက်နှင့် ရပ်ရွာအခြေပြုလုံခြုံရေး ကင်းစခန်းများကို ပြန်လည်ဆောင်ရွက်ပေးကြဖို့  ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ ရဲမှူးခင်စောမောင်က ပြန်လည်ဖြေကြားခဲ့သည်။

 

ဒလမြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၌ အမှုကြီး(၁၅)မှု၊ ၂၀၁၇ ခုနှစ် ၌ အမှုကြီး(၁၄)မှု နှင့် ၂၀၁၈ ခုနှစ်၌ အမှုကြီး (၈)မှု ဖြစ်ပွားခဲ့ရာ တစ်နှစ်ထက်   တစ်နှစ်လျော့နည်းလျက်ရှိကြောင်း၊ အမှုကြီးများ မဖြစ်ပွားစေရေး၊ ခိုး၊ ဆိုး၊ လုယက်မှုများ မဖြစ်ပေါ်စေရေး၊  မှုခင်းများလျော့နည်းကျဆင်းစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ လက်တွဲညီညီ ပူးပေါင်း ကူညီဆောင်ရွက်ပေးကြဖို့လိုအပ်ကြောင်း ယင်းက ဆက်လက်၍ ပြောကြားခဲ့သည်။    တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

ဒလမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် မှုခင်းကျဆင်းစေရေး အတွက် မြို့ပေါ်ရပ်ကွက် ၂၄ ရပ်ကွက်၌ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ရပ်ကွက်အစုအဖွဲ့လိုက် ပူးပေါင်းပါဝင်၍ ရပ်ကွက်(၂)ရပ်ကွက်လျှင် ရပ်ရွာအခြေပြုအဖွဲ့ လုံခြုံရေးကင်းစခန်း တစ်ခုစီဖြင့် ရပ်ရွာအခြေပြုအဖွဲ့ လုံခြုံရေးကင်းစခန်း ၁၂ ခုကို ရပ်ကွက်အတွင်းရှိ မှုခင်းများ ဖြစ်ပွားနိုင်သောနေရာများနှင့် လမ်းဆုံလမ်းခွများတွင် အခြေပြုတည်ဆောက်ပေးထားကြောင်း သိရသည်။    

 

နိုင်လင်းကျော်(ဒလ)

 

_DSC