ရန်ကုန်  ၄   မတ် 

 

United Nations Development Programme (UNDP)သည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ပထမဦးဆုံးသော အခြေအနေ ဆန်းစစ်လေ့လာချက် အချက် (၃၇) ချက်ပါ အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ Rose Garden ဟိုတယ်တွင် ကျင်းပခဲ့သည်။ 

 

UNDP ၏ ထုတ်ပြန်မှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်လွှတ်တော်များ၏ လွှတ်တော်လုပ်ငန်းဆောင်ရွက်မှု၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု ၊ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများကို လေ့လာထားသည့် အရာများ ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့်ရှမ်း ပြည်နယ်တို့ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များကို သွားရောက်၍ လေ့လာဆန်းစစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

 

1.02

 

အစီရင်ခံစာကို မန္တလေးတိုင်းဒေသကြီး ၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့်ရှမ်း ပြည်နယ်တို့ရှိ လွှတ်တော်များမှ ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများက မိတ်ဆက်ခဲ့ပြီး အစီရင်ခံစာသည် Australia’s Department of Foreign Affairs and Trade (DFAT)၊ Swedish International Development Agency (SIDA) နှင့် Department of International Development (DFID) တို့မှ ရန်ပုံငွေ ပံ့ပိုးထားပြီး လွှတ်တော်များနှင့်အတူ အနီး ကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

အစီရင်ခံစာ ထုတ်ပြန်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍  UNDP၏ ဌာနေ ကိုယ်စားလှယ် Peter Batchelor က  “လွှတ်တော် အချင်းချင်းကြားထဲမှာကျင့်သုံးတဲ့ အကောင်းဆုံးပုံစံတွေကို လေ့လာတဲ့အပြင် နိုင်ငံတကာမှာကျင့်သုံးတဲ့ အကောင်းဆုံးပုံစံတွေကိုပါ အခြေခံပြီးတော့ ကောင်းမွန်တဲ့ လွှတ်တော်တွေမှာ ကောင်းမွန်တဲ့ ကျင့်သုံးမှုတွေ ဖြစ်လာဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ အချင်း ချင်းအကြားမှာ လေ့လာသင်ယူမှုကို အားပေးချင်လို့ပါ။ မူဝါဒ ချမှတ်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့အစိုးရအနေနဲ့ ကိုယ့်ရဲ့ စည်းမျဉ်းတာဝန်တွေကို အပြန်အလှန်သိဖို့ လိုအပ်ပါတယ်။ ဥပဒေပြုရေးက လွှတ်တော်ရဲ့တာဝန်ဖြစ်ပြီး မူဝါဒရေးဆွဲချမှတ်ရေးက အစိုးရရဲ့ တာဝန်ပါ။ လွှတ်တော်အနေနဲ့ အစိုးရရဲ့မူဝါဒချမှတ်ရေးကို ကူညီပေးလို့ရပေမဲ့ တရားဝင်ပေးအပ်ထားတဲ့ အခန်းကဏ္ဍကတော့ လွှတ်တော်မှာ မရှိပါဘူး။ အဲဒီလိုမျိုး ရှုပ်ထွေးမှု နားမရှင်းမှုတွေ မဖြစ်သင့်ဘူးဆိုတာလည်း အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်” ဟု ပြောသည်။ 

 

ယခုအစီရင်ခံစာသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအားလုံး အနာဂတ်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် တန်ဖိုးရှိသော ကိုးကားလမ်းညွှန် ချက်တစ်ခု ဖြစ်မည်ဟု မျှော်လင့်ထားကြောင်း၊ လွှတ်တော်တစ်ရပ်၏ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုပုံစံအား အခြားသော လွှတ်တော်များမှ ထည့်သွင်းစဉ်းစားကာ အလားတူ ဆောင်ရွက်နိုင်စေရေးအတွက် ဖြစ်ကြောင်း၊ အစီရင်ခံစာအား ပြည်ထောင်စု အဆင့်အထိ အဆင့်ဆင့် တင်ပြသွားရန် UNDP အနေဖြင့် ရည်ရွယ်ထားကြောင်း သိရသည်။ 

 

Aung My

 

ညီမျှခြင်းမြန်မာ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အခုဆန်းစစ် လေ့လာမှုက ဘယ်လောက်အထိ အောင်မြင်သလဲဆိုတာကို ဆန်းစစ်တာမဟုတ် ဘူး။ သူတို့ ဘာတွေလုပ်နေသလဲဆိုတာကို အဓိက ဆန်းစစ်တာဖြစ်တယ်။ အစီရင်ခံစာပါ အားကောင်း တာတွေဆိုရင် အခြားပြည်နယ်လွှတ်တော်တွေ လေ့လာလို့ ကောင်းတယ်။ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေက သူ့ပြည်နယ် သူ့တိုင်းပဲရှိပြီး လွှတ်တော်တွေ ကြားထဲမှာ ဆက်သွယ်တာတွေ၊  အတွေ့အကြုံဖလှယ်ကြတာတွေ ၊ စိန်ခေါ်မှုကို ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို ရှင်းလင်းဖို့ အတွက် အခွင့်အလမ်းက တော်တော် နည်းနေတာတွေ့ရတယ်။ ဒါကြောင့် လေ့လာစေချင်လို့ အခုလိုမျိုး ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟုပြောသည်။ 

 

အစီရင်ခံစာ မိတ်ဆက်ထုတ်ပြန်ခြင်းအပြီးတွင် မြန်မာနိုင်ငံဗဟိုချုပ်ကိုင်မှု  လျော့ချသော အုပ်ချုပ်ရေးစနစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ အနာဂတ်အခန်းကဏ္ဍ အမည်ဖြင့် ဆွေးနွေးပွဲ တစ်ခုပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ၊ ကနေဒါနိုင်ငံ Ontario ပြည်နယ်၏ ယခင်လွှတ်တော်ကိုယ်စားလှယ်နှင့်ဝန်ကြီးဟောင်း Carl Defaria ၊ မြို့ပြတည်ဆောက်ခြင်း-မြို့ပြနှင့် ဒေသဆိုင်ရာစီမံကိန်းအတွက်မူဝါဒပိုင်းဆိုင်ရာ အင်စတီကျူ့ သုတေသန ခေါင်းဆောင်  Mael Raynaud ၊ ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့ (MCERP) ဥက္ကဋ္ဌ ဦးဖေအောင်လင်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။ 

 

တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များ၏အခြေအနေဆန်းစစ်လေ့လာချက်အစီရင်ခံစာတွင်ပါဝင်သူ ဦးအောင်မျိုးမင်းက အမှန်က လွှတ်တော်ရဲ့ တာဝန်က တစ်ဦးချင်းကို ကာကွယ်တာထက်  ဖြစ်နေတဲ့ အကြောင်းအရာ တွေကို ဘယ်လိုကာကွယ်မလဲ ဥပဒေကို ဘယ်လို ပြဌာန်းမလဲ ဆိုတာ သွားသင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကိုယ့် Constitution ကိုကြည့်ဖို့လိုအပ်သလို ကိုယ့်ရဲ့ ပြည်နယ်တိုင်း တစ်ခုလုံးမှာဖြစ်နေတဲ့ အကြောင်းအရာတွေကို ဥပဒေအရ ဘယ်လို ကာကွယ်နိုင်သလဲ။ ဘယ်လိုဥပဒေ လိုအပ်လဲ။ ဒါကို မြင်နိုင်တဲ့အမြင်ပိုပြီး လိုအပ်တယ်။ အခုဆိုရင် ပြည်ထောင်စုလွှတ်တော်ဆိုရင်တော့ တော်တော် အားကောင်းလာပါပြီ” ဟုပြောသည်။ 

 

အလွန်အမင်း ဆင်းရဲမွဲတေမှုများ ပပျောက်စေရန်၊ မညီမျှမှုများလျော့ချရန်၊ ၂၀၃၀ စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်မှုရရှိစေရန်အတွက် နိုင်ငံအသီး သီးအား ကူညီပံ့ပိုးပေးရန်သည် UNDP ၏ ရည်မှန်းချက်ဖြစ်ပြီး နိုင်ငံပေါင်း ၁၇၀ ကျော်တွင် အစီအစဉ်များ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်များ အရသိရသည်။ 

 

သတင်း..ရဲခေါင်ညွန့် ၊ ဓာတ်ပုံ..ဖိုးထောင် 

 

3.01