ဆီဆိုင် ၅ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်း ပံ့ပိုးငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မြေနီကျေးရွာရှိ ကျောက်လမ်း၊ ကွန်ကရစ်တံတားဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲကို မတ် ၄ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် တာဝန်ရှိသူများက အဆိုပါ လမ်းတံတားတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းကျောက်စာတိုင်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် တာဝန်ရှိသူများသည် အဆိုပါ လမ်းတံတားတို့ကို ဖြတ်သန်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူမှု တာဝန်ခံမှု မြင့်မားလာစေရန်၊ လေ့လာသင်ယူမှု မြင့်မားလာစေရန်၊ အကြံပေးမှုများ ဖြစ်ပေါ်လာစေရန်၊ ပိုင်ဆိုင်မှုအပေါ် တန်ဖိုးထားနားလည်ရန်၊ အောင်မြင်မှုအပေါ် အောင်ပွဲခံရန် စသည့် ရည်ရွယ်ချက်များဖြင့် လူထုစစ်ဆေးပွဲကို ကျင်းပခဲ့သည်။
ထို့နောက် ကျေးရွာစီမံခန့်ခွဲမှုအဖွဲ့များက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းစဉ်နှင့် လုပ်ငန်းပြီးစီးမှု ရလဒ်အပေါ် လျှို့ဝှက်မဲစနစ်ဖြင့် လူထု၏ စိတ်ကျေနပ်မှုများကို တိုင်းတာခြင်း၊ တတိယနှစ် စီမံကိန်းစက်ဝန်းအတွင်း ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော အချက်များ၊ မဆောင်ရွက်နိုင်သော အချက်များ၊ လာမည့်စီမံကိန်းစက်ဝန်းကို ပိုမိုကောင်းအောင် အကြံပြုချက်များ အုပ်စုငယ်ဖွဲ့ကာ ဆွေးနွေးဖော်ထုတ်ခြင်းတို့ ပြုလုပ်ကြသည်။
မြေနီကျေးရွာရှိ ကျောက်လမ်း၊ သဲဗြုန်းလမ်းနှင့် ကွန်ကရစ်တံတားတို့ကို လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်းပံ့ပိုးငွေနှင့် ကျေးရွာလူထု ထည့်ဝင်ငွေကျပ်သိန်း ၁၂၀ ကျော်ဖြင့် လူထုကိုယ်တိုင် စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်လမ်းမှာ အရှည်ပေ ၁၄၀ဝ၊ အကျယ် ၁၂ ပေနှင့် ထု ခြောက်လက်မဖြစ်ကြောင်း၊ သဲဗြုန်းလမ်းမှာ အရှည်ပေ ၈၀ဝ၊ အကျယ် ၁၂ ပေနှင့် ထု လေးလက်မနှင့် အရှည်ပေ ၄၀ဝ၊ အကျယ် ၁၂ ပေနှင့် ထု သုံးလက်မဖြစ်ကြောင်း၊ ကွန်ကရစ်တံတားမှာ အရှည်ပေ ၁၄ ပေ၊ အနံ ၁၀ ပေနှင့် အမြင့် ၄ ဒသမ ၅ ပေ ဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စီမံကိန်းစက်ဝန်း လုပ်ငန်းခွဲပေါင်း ၁၇၇ ခု ကို လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၉၉၅ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့များ၊ ကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြုကော်မတီများ၊ ရပ်မိရပ်ဖများ၊ ဒေသခံကျေးရွာနေ ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


