ကော့သောင်း ၅ မတ်


ကော့သောင်းမြို့ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းအား အဋ္ဌမကြိမ်မြောက်အဖြစ် ယမန်နေ့ မွန်းလွဲပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းအား  မြို့ပေါ်ရပ်ကွက်များမှ  ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဗုဒ္ဓဓမ္မစာပေများ တက်ရောက်သင်ကြား လိုသည့်စိတ်များ တိုးပွားလာရေး၊ ငယ်ရွယ်စဉ် ကလေးဘဝမှစကာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများအား တန်ဖိုးထား ထိန်းသိမ်းတတ်လာစေရေး၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာ၊ သာသနာအား အစဉ်စောင့်ရှောက် ထိန်းသိမ်းလိုသည့်စိတ်များ ရင့်သန်ခိုင်မာလာစေရေး၊ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်အညီ လိမ္မာယဉ်ကျေးသည့် အနာဂါတ်မျိုးဆက်များ ပေါ်ထွန်းလာစေရေးနှင့် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာအား အခြေခံမှ စတင်တတ်မြောက်လာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းကို ပညာလင်းလက်ပြင်ပ စာသင်ဝိုင်းမှ အင်္ဂလိပ်စာနည်းပြဆရာ၊ ဆရာမများဖြင့် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များအတွင်း သင်တန်းကာလ တစ်လတာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။  ယင်းသင်တန်းကို ကော့သောင်းမြို့၊ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အရှင်အဂ္ဂဉာဏမှ ဦးစီးဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး ယခုအကြိမ်သည်(၈)ကြိမ်မြောက် ဖွင့်လှစ်ခြင်းလည်း ဖြစ်သည်။ သင်တန်းတွင် ကျောင်းသားကျောင်းသူ(၄၀ဝ)ကျော်ခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


ကျော်စိုး (ကော့သောင်း)