ပင်လည်ဘူး ၅ မတ်  


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့၌  မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသသောက်သုံးရေဖူလုံမှု ရရှိရေး လုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း VDP ကျောက်အိုးကျေးရွာ ကျောက်ရိုးစီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း၊ Kachin Pole Star ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည့် ချောင်းကွေ့ကျေးရွာ တွင်းနက်တူးဖော်ခြင်း လုပ်ငန်းနှင့် ကညှင်ကုန်းကျေးရွာ တွင်းနက်တူးဖော်ခြင်း လုပ်ငန်းများအား ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးတိုးကြည်နှင့် ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းအဖွဲ့က မတ် ၄ ရက်နေ့တွင် အဆိုပါကျေးရွာများသို့ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျောက်အိုးကျေးရွာ ကျောက်ရိုးစီမြေထိန်း နံရံတည်ဆောက်ခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၀ဝ)သိန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် (၄၇)သိန်း၊ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီးဖြည့်စွက် ရန်ပုံငွေကျပ် (၁၃၈၅၀ဝ၀ဝ)ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အလားတူ ချောင်းကွေ့ကျေးရွာ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ရန်ပုံငွေကျပ်သိန်း(၁၂၀)၊ ကညင်ကုန်းကျေးရွာ တွင်းနက် တူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးဖြည့်စွက် ရန်ပုံငွေ ကျပ်(၁၁၅)သိန်းတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မျိုးလွင်(ပင်လည်ဘူး)
မြို့နယ်ပြန်/ဆက်