မန္တလေး ၅ မတ်

 

ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်း အခွင့်အရေးများ ပိုမိုရရှိစေရန် Mandalay International Trade Fair & Business Forum ကို မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်း အခွင့်အရေးများ ပိုမိုရရှိစေရန် ၊ ကုန်သည် အချင်းချင်း ချိတ်ဆက်မှု ရရှိစေရန် ၊ မန္တလေးမြို့သည် ကုန်သွယ်မှုအတွက် အဓိက  အလားလာကောင်းတဲ့မြို့ဖြစ်ကြောင်း ပိုမိုသိရှိစေရန် ယခုလို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ 

 

"မန္တလေးမြို့ဟာ OBOR (One Belt One Road) မှာ အဓိကကျတဲ့ ဇုန်တစ်ခုဖြစ်ပါတယ်။ ကုန်သွယ်မှု ၊ ခရီးသွား လုပ်ငန်းတွေမှာ အလားလာကောင်းတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအလားလာတွေကို ပြည်တွင်း၊ ပြည်ပက ကုန်သည်တွေ သိရှိပြီး စီးပွားရေး အခွင့်အရေးတွေ ပိုမိုသိရှိစေရန် ကျင်းပခြင်းဖြစ်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော် က ပြောသည်။

 

 Mandalay International Trade Fair & Business Forum ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွွဲ့ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တို့၏ လမ်းညွှန်ဦးဆောင်မှုနှင့်မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ 

 

အဆိုပါပြပွဲနှင့်ဖိုရမ်တွင် ကျောက်စိမ်းလက်ဝတ်ရတနာနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ ၊ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့်ပတ်သက်သည့် ဆွေးနွေးပွဲကတွေမှာ အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးမည် ဖြစ်သည်။

 

ပြည်တွင်း ၊ ပြည်ပမှ ကုန်သည်များ လာရောက်ပြသ ရောင်းချနိုင်မည့် ဆိုင်ခန်းပေါင်း ၁၄၇ ခန်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ပြည်ပမှ ပြခန်းအနေဖြင့် တရုတ်နိုင်ငံထုတ်ကုန် ပြခန်း၊ အိန္ဒိယနိုင်ငံထုတ်ကုန် ပြခန်း ၊ ထိုင်းနိုင်ငံ ထုတ်ကုန် ပြခန်း နှင့် တဟုန်ကုန်သည်ကြီးများအသင်းပြခန်းများ ပါဝင်ကြောင်းသိရသည်။ ပြည်တွင်း ပြခန်းအနေဖြင့် ကျောက်မျက်ရတနာ ပြခန်း ၊ စားသောက်ကုန် ၊ အလှကုန် ၊လူသုံးကုန် ၊ဆောက်လုပ်ရေး ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်း ၊  မော်တော်ယာဉ် ၊ ပုံနှိပ်လုပ်ငန်းစသည့် လုပ်ငန်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

 

Mandalay International Trade Fair & Business Forum ကို မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ မန္တလေးကွန်ဗန်းရှင်းစင်တာတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်