ရန်ကုန် ၅ မတ်
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော (၅၆၈)ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဝရာ ဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ပြုလုပ်သော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၁၁၅ ဦးထံမှ ရွှေပြားပေါင်း ၁၁၉ ချပ် အလှူခံရရှိခဲ့ကာ ငွေသားအလှူရှင် ၃၇ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၉၆၇၇၃၉၆၅၀ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


