နေပြည်တော် ၅ မတ် 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဗဟိုစာတိုက်ကြီးရှိ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သောကြောင့် ပြည်သူလူထုမှ ယုံကြည်စွာ အသုံးပြုလာရေးအတွက် ကောင်းမွန်သော ဝန်ဆောင်မှုပေးသွားရန်၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များကို တက်တက်ကြွကြွဆောင်ရွက်ကြရန်၊ အစိုးရနှင့် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ရာထူးအလိုက် မိမိတာဝန်များကို အလေးထားဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေး တိုးတက်စေရန် လုပ်ငန်းခွင်သင်တန်းများ တက်ရောက်ပြီး ဝန်ဆောင်မှုလုပ်ငန်းကို နည်းပညာနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ 

 

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ကမ္ဘာ့စာပို့တိုက် သမဂ္ဂမှ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာအဆင့် (၁၂၆)မှ ယခု ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာအဆင့် (၉၁)သို့ ရောက်ရှိလာခြင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းမှ ဝန်ထမ်းများ တက်ညီလက်ညီ စုပေါင်းအင်အားနှင့် ဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ လုပ်ငန်းသစ်များကို တိုးချဲ့ဆောင်ရွက်နေသည့်အတွက် ဘဏ္ဍာရေးနှစ် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေတိုးတက်လာပြီး အရှုံးများလည်း တစ်နှစ်ထက်တစ်နှစ် လျော့ကျလာသည်ကို တွေ့ရှိရပါကြောင်း၊ ဝင်ငွေနှင့် အသုံးစရိတ်များကို စနစ်တကျ စိစစ်ဆောင်ရွက်ပြီး အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်သွားကြရန်နှင့် တိုးတက်သော နိုင်ငံများတွင် လူတစ်ဦးနှင့်တစ်ဦး တန်ဖိုးထားပြီး အလေးထားကြသည့်အခါ ပေးပို့လိုသည်များအတွက် စာတိုက်ကို အားကိုးအသုံးပြုလာကြပါကြောင်း၊ သို့ဖြစ်၍ မြန်မာ့စာတိုက်လုပ်ငန်းကို ပြည်သူများယုံကြည်မှု ရှိစေရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

 

အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနကြီးမှူးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)