ရန်ကုန် ၅ မတ်

 


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP -Myanmar) က ကြီးမှူး၍ ဒသမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးညီလာခံအကြို အာရှတိုက်ဒေသလုံးဆိုင်ရာ ဘာသာပေါင်းစုံ ညှိနှိုင်းအစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စိန်မေရီကာသီဒြယ်ဘုရားကျောင်း၌ ကျင်းပသည်။

 


အခမ်းအနားတွင် ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးမြင့်ဆွေက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။    

 


ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော လူမျိုးပေါင်းစုံတို့၏ မတူကွဲပြားသော ဘာသာအချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုရှိစွာဖြင့် တည်ငြိမ်အေးချမ်းသော လူနေမှုဘဝကို မြှင့်တင်ရန်၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်တားဆီးရန်၊ ပဋိပက္ခကြောင့် ဒုက္ခရောက်သူများကို ကူညီစောင့်ရှောက်ပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၏ သွန်သင်ချက်များနှင့်အညီ အပြန်အလှန် လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များသည် မည်သည့်ဘာသာအတွက်မဆို အလွန်တရာ ကောင်းမွန်လှကြောင်း။

 


ယခုဆွေးနွေးပွဲမှသည် RfP ကမ္ဘာလုံးဆိုင်ရာ ညီလာခံကြီးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးပဋိပက္ခများ၊ ပညာရေးဆိုင်ရာကိစ္စများ၊ ကျား/မတန်းတူညီမျှမှုများ စသည်တို့ကို ဆွေးနွေးတင်ပြရာတွင် ကောင်းမွန်သော လုပ်ဆောင်ချက်များ ရရှိပါစေကြောင်း၊  အာရှတိုက်အတွင်း ဘာသာအသီးသီးအကြား အချင်းချင်း ပိုမိုနားလည်မှု ရှိလာပါစေကြောင်း၊ အချင်းချင်း လူမှုဘဝ သဟဇာတဖြစ်၍ မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် ဘာသာထုံးတမ်းစဉ်လာများအကြား မိတ်ဖက်ပိုမို ခင်မင်ရင်းနှီးလာပါစေကြောင်း၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ပူးပေါင်းပါဝင်၍ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာများကို ပိုမိုပညာပေး မြှင့်တင်နိုင်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ)နာယက ကာဒီနယ်ချားလ်ဘို၊ အစည်းအဝေးသဘာပတိ RfP (Asia)မှ Prof: Dr. Din Syamsuddin ၊ RfP (International)မှ Deputy Secretary General Rev. Kyoichi Sugino ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Madam Dorothee Janetzke-Wenzel တို့က အမှာစကားအသီးသီး ပြောကြားကြပြီး Asia-Pacific Women of Faith Network  ဥက္ကဋ္ဌ Dr. Lilian Sison က နိဂုံးချုပ်အမှာစကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 


ဖွင့်ပွဲအခမ်းအနားသို့ အာရှတိုက်အတွင်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံနှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ)တို့မှ RfP ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


အဆိုပါအစည်းအဝေးကို မတ် ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ အစည်းအဝေး၌ RfP မှ အမျိုးသမီးခေါင်းဆောင်များနှင့် လူငယ်ခေါင်းဆောင်များက “ပဋိပက္ခဖြစ်ခြင်းကို တားဆီးကာကွယ်ခြင်းနှင့် ဘုံအနာဂတ်သဘောတူညီမှုများကို အတူတကွလုပ်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့်  ဆွေးနွေးကြသည်။

 


RfP အဖွဲ့ကြီးသည် နိုင်ငံပေါင်း ၉၀ တွင် အဖွဲ့များရှိပြီး ငါးနှစ်တစ်ကြိမ် အစည်းအဝေးကျင်းပကြောင်း၊ အာရှတိုက်အတွင်း၌လည်း နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် RfP အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် RfP အဖွဲ့ကြီး၏ ၉၀ ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း သိရသည်။

 


ငြိမ်းချမ်းမေတ္တာအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၉ မေတွင်လည်းကောင်း၊ နိုဝင်ဘာတွင်လည်းကောင်း၊ ၂၀၂၀ မတ်တွင်လည်းကောင်း ငြိမ်းချမ်းရေးဖိုရမ်များ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့်လည်း ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

 


ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးမြင့်ဆွေက “ဒီနေ့အခမ်းအနားကတော့ အာရှတိုက်အတွင်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံက ဘာသာပေါင်းစုံ ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace) ဘာသာရေးခေါင်းဆောင်တွေစုဝေးပြီး ဂျာမနီနိုင်ငံမှာ သြဂုတ်လ ၂၀ ရက်မှာ ကျင်းပမယ့် (၁၀)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး RfP အစည်းအဝေးကြီးအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဘာသာရေးက ငြိမ်းချမ်းရေးပဲ။ ဘာသာရေးအကြောင်း ဆွေးနွေးကြပြီဆိုရင် အနည်းဆုံး မိမိကိုယ်မိမိ ငြိမ်းချမ်းအောင် အရင်လုပ်နိုင်မှ ပတ်ဝန်းကျင်၊ မိသားစု၊ နိုင်ငံကို ငြိမ်းချမ်းအောင် လုပ်နိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်း လုပ်ဆောင်နေလို့ မရပါဘူး။  မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအားလုံးက ဘာသာပေါင်းစုံ အသားအရောင်မခွဲခြားဘဲ အားလုံးရဲ့ ခံယူချက်တွေ၊ အမြင်တွေက ငြိမ်းချမ်းရေးကို ဦးတည်မှဖြစ်မှာပါ” ဟု ပြောသည်။

 


သတင်း-ရီရီဖြိုး
ဓာတ်ပုံ-ဇော်မင်းလတ်

 

d