ရွှေဘို ၅ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ မူးတိမ်ချောင်းကူးတံတားအား ယခုနှစ်ဘဏ္ဍာနှစ်အတွင်း အကြီးစား ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူထံမှ သိရသည်။
ရွှေဘိုမြို့နယ်ရှိ မူးတိမ်ချောင်းကူးတံတားသည် မင်းပေးကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့ကို ဆက်သွားထားသည့် တံတားဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်က တံတားရေလယ်တိုင်မှာ ရေတိုက်စားမှုကြောင့် အောက်ခြေမှပြတ်ခဲ့သဖြင့် ဖြတ်သန်းခွင့်ကို လက်ရှိအချိန်အထိ ပိတ်ထားရကြောင်း သိရသည်။
''ဒီချောင်းကူးတံတားက ကျေးရွာ ၆ ရွာလောက်က နေ့စဉ် ဒီတံတားကနေ ဖြတ်သန်းသွားလာကြတယ်။ ချောင်းကူးတံတားပြီးမှာပဲ ကုန်သွယ်ရေးအပိုင်း၊ ပညာရေး၊ ကျန်းမာရေး၊ သွားရေးလာရေး အဆင်ပြေမယ်။ အခုကျတော့ တံတားနဲ့ လေးမိုင်လောက်ဝေးတဲ့ နေရာကနေ ပတ်သွားနေရတော့ အချိန်ကုန် ငွေကုန်တာပေါ့။ အဆင်မပြေဘူးပေါ့"ဟု ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောသည်။
ထိုသို့ ရေတိုက်စားမှုကြောင့် ရေလယ်တိုင် ပျက်စီးသွားခဲ့သည့် မူးတိမ်ချောင်းကူးတံတားနှင့် ပတ်သက်၍ မတ် ၁ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူမှ မူးတိမ်ချောင်းကူးတံတားအား အရေးပေါ်ပြင်ဆင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ပြင်ဆင်ထိန်းသိမ်း ဘတ်ဂျတ်အတွင်း ထည့်သွင်းကာ ဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ကြောင်း ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောသည်။
“ဝန်ကြီးက ဒီနှစ်ဘတ်ဂျတ်အတွင်းမှာပဲ ပြင်/ထိန်း ဘတ်ဂျတ်အတွင်း ထည့်ပြီး ဆောင်ရွက်ပေးသွားမယ်လို့ ဖြေကြားသွားပါတယ်။ ခုလောလောဆယ် သွားလို့ရအောင် ဒေသခံတွေနဲ့ ဝန်ကြီးချုပ်အကူအညီနဲ့ ပြင်ဖို့ စီစဉ်နေပါပြီ။
ဒေသခံတွေက ကျပ်သိန်း ၃၀၊ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သိန်း ၅၀ စုစုပေါင်း ၈၀ လောက်သုံးပြီး ဒီတံတားကို အရင်ပြင်ဖို့ စီစဉ်နေပါပြီ။ ပြီးမှ တိုင်းအစိုးရက အကြီးစားပြုပြင်မှုကို ဆောင်ရွက်ပေးပါမယ်''၎င်းက ပြောသည်။
ရွှေဘိုမြို့နယ် မင်းပေးရွာ ညောင်ကိုင်းရွာကို ဆက်ထားသည့် မူးတိမ်ချောင်းသည် ကျေးရွာနေပြည်သူလူထုမှ စုပေါင်းကာ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သော ချောင်းကူးတံတားဖြစ်ပြီး အရှည် ၃၉ ပေ၊ အကျယ် ၁၂ ပေ၊ ရေလည်တိုင် လေးတိုင်ရှိသော တံတားတစ်စင်းဖြစ်ကြောင်း၊ ထိုချောင်းကူးတံတားကို ကြောင်ရှာတော၊ သောင်ထွဋ်ကိုင်း၊ ရုံးတော၊ ညောင်ကိုင်း၊ ညောင်လှ၊ တယ်သီးတော၊ ထနောင်းကိုင်း၊ ကုတို့ဆိပ် စသည်ကျေးရွာများမှ အဓိကထား အသုံးပြုနေကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။
ကိုမင်း(အင်းတော်)


