နေပြည်တော် ၅ မတ်

 


ဝိသာခါ ပုဏ္ဏမီ ဂုဏ်ဝေ သီလရှင်သင်စာသင်ကျောင်း နှင့် ပရဟိတဂေဟာ လေးထပ်ခွဲကျောင်းဆောင်ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ပုဏ္ဏမီ ဂုဏ်ဝေ သီလရှင်စာသင်တိုက်တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချို တက်ရောက်ချီးမြှင့်သည်။

 


 

dddd

 


ရှေးဦးစွာ အခမ်းအနားကို   ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွမ်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊  ဝိသာခါဖောင်ဒေးရှင်း၏ နာယက ပါမောက္ခဒေါက်တာ ဝင်းမင်းသစ်၊ ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့်  ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက်  ကျောင်းဆောင်သစ် ဆိုင်းဘုတ်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုနှင့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုနှင့် အဖွဲ့ဝင်များသည် ဝိသာခါ  ပုဏ္ဏမီဂုဏ်ဝေ လေးထပ်ခွဲကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။

 

ယင်းနောက် ကျောင်းဆောင်သစ်ကြီးအတွင်း ဝိသာခါဖောင်ဒေးရှင်း၏ နာယက ပါမောက္ခဒေါက်တာဝင်းမင်းသစ်က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်က မုဒိတာစကားပြောကြားပြီး ဝိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခဒေါက်တာ ဝင်းမင်းသစ်က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား သီလရှင်နှင့် ပရဟိတကျောင်းတိုက် ပဓာနနာယက သီလရှင်ဆရာကြီး ဒေါ်ဇေယျသိင်္ဂီထံ လွှဲပြောင်းပေးအပ်ကာ သီလရှင်ဆရာကြီးက ကျေးဇူးတင်စကား  ပြောကြားသည်။

 


ddddd

 


ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုနှင့် အဖွဲ့ဝင်များ၊ အလှူရှင် ဝိသာခါ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 


 

rrrrr

 


ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်သင်စာသင်ကျောင်းနှင့် ပရဟိတဂေဟာ လေးထပ်ခွဲကျောင်းဆောင်သစ်ကို ငွေကျပ်သိန်းပေါင်း ငါးထောင့်ငါးရာကျော် အကုန်အကျခံတည်ဆောက်ထားပြီး ဝိသာခါ ဖောင်ဒေးရှင်းက လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။ ကျောင်းဆောင်သစ်ဖွင့်ပွဲ အောင်ပွဲအဖြစ် ည ၇ နာရီတွင် လယ်ဝေးမြို့ ဖောင်တော်ချက်မဘုရားကွင်းပြင်၌ သီတဂူဆရာတော်ကြီးက တရားရေအေးများ တိုက်ကျွေးသည်။ 

 


(သတင်းစဉ်)