ချင်းမိုင် ၅ မတ် 

 


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် PPST ၏ ကိုယ်စားလှယ်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသော သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (PPWT) အဖွဲ့ဝင်များနှင့် နည်းပညာအထောက်အကူပြုများ တက်ရောက် ဆွေးနွေးကြသည်။

 


အစည်းအဝေးတွင် PPST အဖွဲ့ခေါင်းဆောင် စောမူတူးဆေးဖိုးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် “ဒီနေ့ဟာ ကျွန်တော်တို့ PPST နဲ့ NCA အကောင်အထည်ဖော် ဘက်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့အကြား NCA အကောင်အထည်ဖော်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီးအတူတကွ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြမယ့် အစည်းအဝေးတစ်ခုဖြစ်သလို၊ ကျွန်တော်တို့ကြားမှာရှိနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရှိကြတဲ့အမြင်တွေကိုလည်း မူလရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေး ကြိုးပမ်းတဲ့နေရာမှာ ပြည့်မှီခြင်း ရှိ၊ မရှိ ပြန်လည်သုံးသပ်ညှိနှိုင်းမှု ပြုလုပ်ဖို့လိုအပ်တဲ့အတွက် ခေါ်ဆိုတဲ့ အထူးအစည်းအဝေး တစ်ရပ်လည်း ဖြစ်ပါတယ်။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတဲ့ အနေအထားကနေ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဖန်တီးနိုင်ဖို့ လိုအပ်နေတယ်လို့လည်း ကျွန်တော်တို့ KNU နဲ့ RCSS တို့က ရှုမြင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အကြားမှာ အကြေအလည်ညှိနှိုင်း ဆွေးနွေးနိုင်မယ့် အထူးအစည်းအဝေး (Extra-ordinary Meeting) တစ်ရပ် လိုအပ်နေပြီဖြစ်လို့ အခုလိုခေါ်ယူတာဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။ 

 


ယနေ့ ကျင်းပသည့် အစည်းအဝေးသည် အထူးအစည်းအဝေးဖြစ်ပြီး ညီညွှတ်မှုကို ရှေးရှု၍ အကြေအလည် ညှိနှိုင်းဆွေးနွေးကြရမည် ဖြစ်ကြောင်းနှင့်  ယခုအစည်းအဝေးမှနေ၍ လိုက်လျောညီထွေဖြစ်စေမည့် သင့်တော်သောကိုယ်စားလှယ် ပြောင်းလဲမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ဖွဲ့နှင့် ပတ်သက်၍ စောမူတူးဆေးဖိုးက “ကျွန်တော်တို့ ၂ ဖွဲ့ အနေနဲ့ PPST စုဖွဲ့မှုကိုအကြေအလည် ညှိနှိုင်းဆွေးနွေးပြီး ရည်မှန်းချက်တူညီရာကို အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးအဖြစ်သို့ အသွင်ပြောင်းလိုတဲ့ ကိစ္စကိုလည်း ဒီအထူးအစည်းအဝေးမှာ အဆိုပြု ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုပြုချက်အတိုင်း KNU နှင့် RCSS တို့အနေနဲ့ကတော့ PPST အစည်းအဝေးနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေဖြစ်စေမယ့် သင့်တော်တဲ့ ကိုယ်စားလှယ်ပြောင်းလဲမှုတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ် ဆိုတဲ့အကြောင်းကိုလည်း အသိပေးအပ်ပါတယ်” ဟုပြောသည်။ 

 


ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် မတူကွဲပြားမှုကို အသိအမှတ်ပြုပြီးညီညွှတ်မှု တည်ဆောက်ခြင်း အခြေခံမှတစ်ဆင့် ဘုံရည်မှန်းချက်ကို ရှာဖွေ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပန်းတိုင်သို့ အရောက်ချီတက်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို တည်ဆောက်ကြရန် တိုက်တွန်းကြောင်းကိုလည်း PPST အဖွဲ့ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့သည်။ 

 


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို  မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်ကော်မတီ တစ်ရပ်အနေဖြင့် ၂၀၁၆ မတ်လအတွင်းက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

 


အစည်းအဝေးကို မတ် ၆ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 


သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..EPRN