၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအတွက် ဆန်ကာတင် ရုပ်ရှင်ဇာတ်ကား ဒုတိယအဆင့်အတွက် ၂၅ ကား ထွက်ရှိ လာကြောင်းသိရသည်။ ယခုဆိုလျှင် ထူးချွန်ဆုအတွက် ဇာတ်ကားအချို့ကို ရွေးချယ်နေပြီး ယခုလ ၂၃ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ် ရှိ The One Entertainment Park တွင် ပြုလုပ်၍ အကောင်းဆုံး မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုများကို ဖွင့်ဖောက် ကြေညာသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ကျင်းပမည့်ပွဲတွင် ရွေးချယ် ခံရသည့် ဇာတ်ကားများသည် ယခင်နှစ်များထက်ရွေးချယ်ရပိုမို ခက်ခဲကြောင်း သိရသည်။
“ဒီနှစ်က တော်တော်လေးကို ကားကောင်းတွေများတယ်။ ဘာလို့ လဲဆိုတော့ လူငယ်သရုပ်ဆောင်သစ်တွေ၊ လူငယ်ဒါရိုက်တာတွေက အလွန်ကို တော်ပြီး ကြိုးစားထားတာကို ကျွန်တော် ကြည့်ရတယ်၊ တွေ့ရတယ်။ ဇဏ်ခီတို့ ရိုက်တဲ့ “ ဥပါယ်တံမျဉ်” လိုကားမျိုးတွေ။ နောက်ပြီး “မီ” ဇာတ်ကားဆိုလည်း ဒီလိုပဲ ကြည့်ရတာ တော်တော်ကို အရည်အချင်းပြည့်ဝတဲ့ ကားမျိုးတွေပါပဲ။ နောက်ပြီး ဟာသအနေနဲ့ဆို “ကိုယ်စောင့်နတ်” ကားဆို ပေါ့ပေါ့ပါးပါး နဲ့ ပရိသတ်ကို အများကြီး အကျိုးရှိစေတဲ့ ပညာပေး ဟာသကားလေးတွေပါ။ ပြီးတော့ မြို့ပြမုဆိုးများ ဇာတ်ကားဆိုလည်း တော်တော်လေး ကောင်းပါတယ်။ ဒီနှစ်က တော်တော်လေးကို ရွေးရခက်တဲ့နှစ်လို့ လူကြီးတွေကလည်း ပြောပတယ်။ တချို့ အကဲဖြတ်တွေဆို ခေါင်းတွေတောင်ခြောက်ပြီး ထွက်ပြေးချင်စိတ်တွေပါ ပေါက်တယ်။ ကျွန်တော်တို့ကတော့ အကောင်းဆုံး စံနှုန်းတွေနဲ့ပဲ ရွေးရပါတယ်။ ဘယ်နေရာမှာ ဘာလိုတယ်။ ဘာကိုသုံးသင့်တယ်။ ဝတ်တဲ့ အဝတ်အစား၊ နေရာ၊ လေသံ အားလုံးကိုကြည့်ပြီး စိစစ်ရတာပါ။ ပြီးတော့ ဒီလိုမျိုး အရင်က တစ်ခါကြုံတွေ့ ဖူးတယ်။ အလွန်ကောင်းတဲ့ ကားတွေချည်း ဆုံသွားတဲ့အခါပေါ့။ အဲ့ဒီလိုအခါဆို ကျွန်တော်တို့ အားပြိုင်တဲ့အခါ အားကောင်းတဲ့သူက အနိုင်ရသွားတတ်ပါတယ်။ ဟာကွက်ကို ကြည့်ပြီး ရွေးရတာပေါ့” ဟု ထပ်ဆင့် အကယ်ဒမီ ရန်အောင်က ပြောသည်။
ယခု ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီ စာရင်းဝင် ဒါရိုက်တာ ဉာဏ်ထင်၊ ဝင့်လွင်ထက်၊ အာကာ၊ ဏကြီးတို့၏ ဇာတ်ကားများ ပါဝင်လာကြောင်း ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားသော ဇာတ်ကားလေးကားပါဝင်ကြောင်း၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်၊ ဝင်းထွန်းထွန်း၊ သြရသတို့၏ ဇာတ်ကားများလည်း ပါဝင်ကြောင်း ပရိသတ် အကြိုက် တွေ့ခဲ့သည့် “မုဒြာခေါ်သံ”၊ “ဥပါယ်တံမျဉ်” စသည့် ဇာတ်ကားများလည်း ပါဝင်လာကြောင်း သိရသည် ။
ကိုလင်း


