မကွေး ၅ မတ်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အလယ်ဘိုကျေးရွာအုပ်စု၊ လက်ပံရွာသစ်ကျေးရွာတွင် ကျေးရွာပိုင် စက်ရေတွင်း ပြန်လည်ပြုပြင်နေသောကြောင့် ကျေးရွာနေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနက သောက်သုံးရေ ဂါလံ(၉၆၀ဝ) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ပံရွာသစ် ကျေးရွာပိုင်စက်ရေတွင်းသည် ၁၉၈၀ ခုနှစ်က တူးဖော်ခဲ့သော စက်ရေတွင်းဖြစ်ပြီး ယခုအခါ အဆိုပါ စက်ရေတွင်းမှာ ပျက်စီးနေ၍ ပြန်လည်ပြုပြင်နေသောကြောင့် ပြုပြင်နေစဉ် ကာလအတွင်း အိမ်ခြေ(၁၆၂)၊ လူဦးရေ (၇၄၂)ဦးနှင့် ကျွဲနွားတိရစ္ဆာန်များအတွက် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် မကွေးမြို့ အောင်မြေ ပရဟိတ၏ ရေဂါလံ(၂၄၀ဝ)ဆံ့ ရေသယ်ယာဉ်နှစ်စီးဖြင့် ရေဂါလံ(၉၆၀ဝ)ကို ယမန်နေ့က ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြောပြခဲ့သည်။
“ကျေးလက်ဌာနက အခုလို ရေပြတ်လပ်မှု မရှိအောင် စီစဉ်ပြီး တစ်ရွာလုံး ရေဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ်” ဟု လက်ပံကျေးရွာမှ ကိုအောင်ကိုက ပြောခဲ့သည်။ ရွာသားများ သောက်သုံးရေထက် ကျွဲနွားတိရစ္ဆာန်သောက်သုံးရေက ပိုအရေးကြီးကြောင်း ၎င်းက ပြောပြခဲ့သည်။
ဝင်းမောင်(မကွေး)


