မိုးကေနိုင်
မြန်မာတစ်မျိုးသားလုံး ကိုလိုနီလက်အောက်၊ ကျွန်သပေါက်ဘဝ ရောက်နေချိန် ၁၉၂၀ ပြည့်နှစ်တွင် စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ရှင်သန်ခဲ့သည့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးဇာတိမာန်... လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးတောက်ချိန်ကာလများ၊ အချုပ်အခြာအာဏာကို အသက်ပေး ကာကွယ်စောင့်ရှောက်ရသည့်အခြေအနေများ၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် ညီညွတ်ရေး စိတ်ဓာတ်များ ကိန်းအောင်းနေအောင် ကြိုးပမ်းရသည့်ကာလတစ်လျှောက် အရာအားလုံး၏ အရင်းခံတည်ရာသည် အမျိုးသားရေးနှင့် မျိုးချစ်စိတ်ကသာအဓိကဖြစ်ကြောင်း သုံးသပ်ရပါမည်။
မျိုးချစ်စိတ်သည် အလုပ်မဖြစ်ဟူသည် မမှန်ကြောင်းပြသနေ
ယနေ့ခေတ်ယနေ့အခါ၌ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးတာဝန်များသည် ပြည်ထောင်စုကြီးအတွက် အလွန့်အလွန်ကို အရေးကြီးနေပါပြီ။ မျိုးချစ်စိတ်ဓာတ်ဟူသည် အသက်အရွယ်အပိုင်း အခြားမရွေး၊ ဘယ်နေရာရောက်ရောက် နိုင်ငံသားတိုင်းသက်ဝင်နေရန် အရေးကြီးပြီး အထူးသဖြင့် လူငယ်အများစုမှာ ပို၍အလေးထားရန် ဖြစ်သည်။ အများစုက မျိုးချစ်စိတ်ဓာတ်သည် အရေးမကြီးတော့၊ အမျိုးသားရေးဆိုတာ အလုပ်မဖြစ်တော့ဟု ယူဆလာနေကြသည်။ မြန်မာတို့၏ မျိုးချစ်စိတ်စံတန်ဖိုးများနှင့် အမျိုးသားရေး လက္ခဏာများ ပုံဖျက်ခံနေရပြီး ဘာသာသာသနာနှင့် ရှိရင်းစွဲယဉ်ကျေးမှုစရိုက်ကောင်းများ ချိုးဖျက်ခံနေရသလို ခံစားမိသည်။ အမေကျော်၍ ဒွေးတော်လွမ်းရဲလောက်အောင် ဇာတိမာန်များ ပျောက်ဆုံးနေကြသည်။ နိုင်ငံတစ်နိုင်ငံတွင်ရှိသင့်သည့်မျိုးချစ်စိတ်မရှိတော့လျှင် ကမ္ဘာ့အလယ်မှာ ရှင်သန်ရပ်တည်ရန် အလွန် ခဲယဉ်းပါသည်။ ငါတို့လူငယ်၊ ငါတို့လူမျိုးတွေ ကမ္ဘာ့သမိုင်းတစ်ပတ်ပြန်လည်နေသည်ကို မသိ လောက်အောင်ကို ရိုးလွန်း၊ အလွန်းလျှင် ခေတ်နောက်ပြန် ဆွဲမနေ သင့်တော့ပါ၊၊
မကြာသေးမီက ပြီးစီးခဲ့သည့် အမေရိကန်ရွေးကောက်ပွဲ၌ အမျိုးသားရေးအားသန် ဒေါ်နယ်ထရမ့်တစ်ယောက် ဘာကြောင့် အနိုင်ရခဲ့ပါသလဲ၊ အမေရိကန်နိုင်ငံကြီးက အမေရိကန်လူမျိုးတို့၏ အကျိုးစီးပွားသာအဓိကဟူသော ကြွေးကြော်သံကို အမေရိကန်လူထုကြီးက နှစ်သက်ကြ၍သာ သမ္မတဟောင်းကြီးကို ပုံအောမဲထည့်ခဲ့ကြခြင်း ဖြစ်သည်။ မျိုးချစ်စိတ်ကို အခြေခံထားသည့် Make America Great Again က အလုပ်ဖြစ်ခဲ့ပုံရသည်။ လတ်တလော ဥပမာဆိုပေမယ့် ကမ္ဘာကြီးမှာ Liberal democracy မှ Nationalism အခြေခံ democracy သို့ဆီ ရွေ့လျားလာသည့်အခြေအနေများကို သတိမပြု ဘဲမနေသင့်ပါ။ လက်ရှိ ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံ့ခေါင်းဆောင်များအားလုံး နိုင်ငံတိုးတက်အောင် ဦးဆောင်မှုပေးနိုင်သော အမျိုးသားရေး ခေါင်းဆောင်များဖြစ်ကြသည်။ သူတို့တွေသည် ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း မျိုးချစ်စိတ်နှင့် အမျိုးသားရေးတာဝန်ကိုတော့ ဘယ်တော့မှလျစ်လျူရှုခဲ့ဟန်မတူ။ ယူသင့်တာယူ၊ အတုယူသင့်တာ ယူရမည်ဖြစ်သည်။ အနာဂတ်တွင် အားလုံးက မျိုးချစ်စိတ်အခြေခံသည့် အမျိုးသားအကျိုးစီးပွား အမျိုးသားရေးတည်ဆောက်မှုများဘက်သို့သာ ရွေ့လျားလာတော့မည်လား ခန့်မှန်းနိုင်ပါသည်။
အမျိုးသားပညာမျိုးစေ့ကနေ လွတ်လပ်ရေးသန္ဓေ တည်နိုင်ခဲ့သည်
ကိုလိုနီခေတ်က ကျောင်းသားလူငယ်များ၊ တိုင်းရင်းသားများသည် နယ်ချဲ့ကိုမကြိုက်၊ ကိုလိုနီစနစ်ကို မုန်းခဲ့ကြသည်။ တိုင်းတစ်ပါးက လာရောက်အုပ်ချုပ်သည်ကို နဂိုကတည်းက လက်ခံသူများမဟုတ် ခဲ့ကြ၊ အချိန်ရှိသရွေ့အခြေအနေပေးသမျှ တွန်းလှန်ခဲ့ကြသူများ ဖြစ်သည်။ ပညာတတ်လူငယ်ပီပီ ပညာရှင်ဆန်ဆန် ငါတို့လူမျိုးကို အမှန်တကယ်ဖိနှိပ်ချုပ်ချယ်သူမှာ တိုင်းတစ်ပါးက နယ်ချဲ့အစိုးရပါလား၊ ကိုလိုနီယန္တရား တစ်ခုဖြစ်နေသော ကိုလိုနီပညာရေးစနစ်သည် နယ်ချဲ့စနစ်သက်ဆိုးရှည်ရေး တကယ့်တရားခံအစစ် ဖြစ်နေပါလား၊ ကွဲကွဲပြားပြားသိမြင်နိုင်စွမ်းရှိခဲ့သည်။ ထိုမှ အမှားနှင့်အမှန်၊ တရားမှုနှင့် မတရားမှုကို ကောင်းစွာ ခွဲခြားနိုင်ခဲ့ပြီး မတရားသည့်တစ်ဖက်သတ် တက္ကသိုလ်ဥပဒေကို လက်မခံဆန့်ကျင်ကာ အမျိုးသား ပညာရေး မျိုးစေ့ကို စတင်သန္ဓေတည်နိုင်ခဲ့သည်။
ကိုယ့်ပညာ၊ ကိုယ့်ဘာသာစကား ချစ်မြတ်နိုးသည့်စိတ်ဓာတ်က အမျိုးသားရေးအခြေခံသည့် မျိုးချစ်စိတ်ကို ရှင်သန်စေခဲ့သည်။ ထိုမှ တစ်ဆင့် ကိုယ့်နိုင်ငံကိုချစ်သည့် နိုင်ငံချစ်စိတ်၊ ထိုမှသည် နယ်ချဲ့ လက်အောက်မှ လုံးဝလွတ်မြောက်လိုသည့် တိုက်ပွဲဝင်စိတ်ဓာတ်များ၊ ပြည်ထောင်စုစိတ်ဓာတ်များကို တစ်ပြည်လုံးအနှံ့ တိုးတက်ပျံ့နှံ့ သွားစေခဲ့သည်ဟုဆိုရမည်။ မတရားအဖိနှိပ်ခံရပြီး တိုင်းတစ်ပါး လက်အောက်ရောက် ပြည်သူအားလုံးလွတ်မြောက်ရေးအတွက် ထိုခေတ်ထိုအခါက ဦးဆောင်သူများ၏ လွတ်လပ်ရေး လှုပ်ရှားမှုများသည် တရားသောလုပ်ရပ်များဖြစ်ခဲ့သည့်အတွက်သာ ဓမ္မက အဓမ္မကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်ကိုမူ ပညာမျက်စိဖြင့် ကြည့်တတ်ဖို့ လိုပါမည်။ အဓိကအချက်မှာ စစ်မှန်သောမျိုးချစ်စိတ်သာလျှင် အရင်းခံ ဖြစ်သည်ဆိုသည့်အကြောင်းရင်းကို လက်ခံနိုင်စွမ်းရှိရပါမည်။
လက်ရှိအခြေအနေမှာ လိုအပ်နေသောတရားများနှင့်အတူ
ထိုကဲ့သို့ မျိုးချစ်စိတ်ဓာတ်အရင်းခံ၍သာ နယ်ချဲ့တို့ကို အန်တုတော်လှန်ပြီး လွတ်လပ်ရေးပန်းတိုင် အရောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစိတ်ဓာတ်မျိုး လက်ဆင့်ကမ်းနိုင်၍သာ ပြည်ထောင်စုကြီးတည်မြဲနေခြင်း ဖြစ်သည်၊ အချုပ်အခြာခိုင်ခံ့နေခြင်းဖြစ်သည်ကို မြန်မာ့သမိုင်းဖြစ်ရပ်များစွာက သက်သေထူခဲ့ ထူနေဆဲလည်း ဖြစ်သည်ကို အသိအမှတ်ပြုရပါမည်။ မျိုးချစ်စိတ်ကင်းမဲ့ပါက ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲ အချုပ်အခြာဖရိုဖရဲဖြစ်မှာ သေချာလှသည်။
သို့သော် ယခုဆယ်စုနှစ်တစ်ခုအတွင်းမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်၊ နိုင်ငံအရေး၊ အမျိုးသားရေးဟူသည် ရိုက်ချိုး ဖျက်ဆီးခံနေရသည့် အနေအထား၊ ပြည်တွင်းပြည်ပစိန်ခေါ်မှုဗရပွနှင့် အကျပ်အတည်း အမျိုးစုံအောက်တွင် မဆုတ်မနစ် ခုခံကာကွယ်စောင့်ရှောက်ရသည့် အနေအထားဖြစ်နေသည်။ နိုင်ငံချစ်စိတ်မဆိုထားနှင့် ကိုယ့်လူမျိုး အချင်းချင်းပင် မေတ္တာထားချစ်တတ်ကြဖို့ ခဲယဉ်းနေကြသည်။ နိုင်ငံ့အရေး၊ အမျိုးသားရေးထက် ကိုယ့်အရေးကအဓိက၊ အတ္တပဓာနဖြစ်လာကြလျှင်... ထိုအခြေအနေမျိုးမှာ တိုးတက်မှုအရေး၊ ဖွံ့ဖြိုးမှု အရေးတို့ပါ နောက်ကျသွားနိုင်သည်ကို သတိပြုသင့်ပါသည်။
မြန်မာသာမဟုတ် ကမ္ဘာမှာလည်း အပြောင်းအလဲများက မြန်ဆန်လွန်းလှသည်။ များသောအားဖြင့် အဖျက်သဘောနှင့် အပျက်ဘက်ဦးတည်သည်ကများနေသည်။ မိမိနိုင်ငံအကျိုးစီးပွား ရှေ့တန်းတင်ကြလွန်းပြီး မလျော်သြဇာလွှမ်းမိုးမှု ဖိအားပေးမှုများပြားလာသည့်အခါ ကမ္ဘာအနှံ့ ပဋိပက္ခများချည်း တွေ့လာရသည်။ အထူးသဖြင့် မျိုးချစ်စိတ်အခံ အားနည်းသောနိုင်ငံများတွင် အချုပ်အခြာဆုံးရှုံးမှုပိုများပြီး ပျက်စီးဆုံးရှုံးမှု ပိုများကြောင်းလည်း တွေ့ရသည်။ အပျက်များကြားထဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပျက်အစီးအဆုံးအရှုံး နည်းနိုင်သမျှ နည်းအောင် စည်းလုံးညီညွတ်ဖို့က အဓိကလိုအပ်ချက်ဖြစ်နေသည်။ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်နိုင်ငံသားအချင်းချင်း အသက်ပေးကာကွယ် စောင့်ရှောက်ကြမည်ဟူသောစိတ်ဓာတ်၊ ကိုယ့်နိုင်ငံ နယ်နိမိတ် မည်သည့်အစိတ်အပိုင်းမျှ အပွန်းအရှအထိခိုက်မခံဟူသော စိတ်ဓာတ်၊ သွေးကပြောသော အမျိုးချစ်စိတ် ထိုစိတ်ဓာတ်မျိုးမရှိဘဲနှင့် မည်သို့ သောစည်းလုံးညီညွတ်မှုမျိုးမှ ရနိုင်မည်မဟုတ်ပါ။
အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ သည်းခံမှုနှင့် ကိုယ်ချင်းစာ တရား၊ မေတ္တာတရားနှင့် သံယောဇဉ်၊ တစ်ဦးနှင့်တစ်ဦးကူညီဖေးမမှု စသည့်လောကပါလတရားများသည် မြန်မာတို့၏အမျိုးသားရေး စရိုက်များလည်း ဖြစ်နေသည်။ ကောင်းမြတ်သောထိုအသွင်အပြင်များ မိမိတို့လူမျိုးများအကြား စိမ့်ဝင်နေရန်သည် ယခုအချိန်မှာ အရေး တကြီးလိုအပ်နေပြီး ထိုအခြင်းအရာတို့ကို မျိုးချစ်စိတ်ကသာလျှင် ယူဆောင်ပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားပါသည်၊၊
အမျိုးသားရေးတည်ဆောက်မှုဆီသို့
ထို့ကြောင့် မျိုးချစ်စိတ်တို့၊ နိုင်ငံချစ်စိတ်တို့ဆိုသည်ကို အလွှာအားလုံးမှ ဆက်လက်ထိန်းသိမ်း စောင့်ရှောက် နေရန်နှင့် ယခုထက်ပို၍ အာရုံစိုက်ပြုပြင်ရန် လိုအပ်နေသည်ဆိုသောအချက်မှာ ထင်ရှားလှပါသည်။ အတိတ်ကာလက အမျိုးသားပညာရေးမျိုးစေ့ဖြင့် လိုချင်သည့်အရာကို ခူးဆွတ်နိုင်ခဲ့ပြီး အောင်ပွဲများ ရယူနိုင်ခဲ့သည်ကို သင်ခန်းစာယူ၍ ယနေ့အခြေခံပညာကျောင်းများကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ထာဝရကိန်းအောင်းရာ၊ ပျံ့နှံ့တိုးတက်ရာ အုတ်မြစ်များအဖြစ် ခိုင်ခံ့အောင် ဆက်လက်ဆောင်ရွက်ရပါမည်။ ယခုလို နိုင်ငံတည်ငြိမ်ရေး၊ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအရေး ဦးစားပေး ဖြေရှင်းနေရသည့် အခြေအနေတွင် နိုင်ငံနှင့်လူမျိုးချစ်စိတ်များ တိုးပွားရန်အတွက် အခြေခံအကျဆုံးသည် ပညာရေးကဏ္ဍပင် ဖြစ်သည်ကို ငြင်းချက်ထုတ်ရန်မရှိပါ။
သို့မှသာ အမျိုး၊ ပညာ၊ ဘာသာသာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ပြီး တိုင်းပြည်၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်ရလာ မည်ဖြစ်ပါသည်။ သို့မှသာ သိမ်မွေ့နက်နဲသော အမျိုးသားရေး တည်ဆောက်မှု (Nation building) လက္ခဏာများ ပီပီပြင်ပြင်ဖြစ်ပေါ် လာမည်ဟု ယုံကြည်ပါသည်။
အဓိကအချက်မှာ မိမိတို့ဆီတွင် မျိုးဆက်နှင့်ချီပြီး ရှိရမည့် မျိုးချစ်စိတ်ကို မယုတ်လျော့ မဆုံးရှုံးစေလိုသော စေတနာပင်ဖြစ်သည်။ မျိုးချစ်စိတ် မျိုးဆက်ပြတ်သည့်အနေအထားတစ်ခုအထိ Genera-tional patriotism gap မဖြစ်အောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ကြရေးသည် ယခုအချိန်တွင် အလွန်အရေးကြီးနေပါသည်။ နေသာ သလိုမနေဘဲ ငါတို့နိုင်ငံ၊ ငါတို့လူမျိုးအတွက်ပေးဆပ်မည်ဆိုသည့် စိတ်နေစိတ်ထား၊ ငါတို့ဘာသာ၊ ငါတို့သာသနာ၊ ငါတို့ယဉ်ကျေးမှု၊ ငါတို့ပိုင်မြန်မာစာပေ၊ မြန်မာစကားကို နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်း စောင့်ရှောက်ရမည်ဟူသောခံယူချက်... ထိုအချက်များထက် ပို၍ အရေးကြီးသောအချက်များ ရှိမည်မထင်ပါ။
ကမ္ဘာကြည့်မြင်ကြည့်ပါ၊ မျိုးချစ်စိတ်ရှိသောခေါင်းဆောင်နှင့် နိုင်ငံချစ်စိတ်ရှိသောနိုင်ငံသားများ ဦးဆောင်သော တိုင်းပြည်များတွင် အမျိုးသားအကျိုးစီးပွား အဓွန့်ရှည်တည်တံ့ပြီး ပို၍ရှင်သန်တိုးတက်နေသည်ကို အကဲခတ်မိကြမည်ထင်သည်။ နိုင်ငံတိုင်းတွင် အမျိုးသား အကျိုးစီးပွားကသာ အဓိကဖြစ်နေရာ အမျိုးသားရေး စိတ်ဓာတ်မရှိဘဲနှင့် အမျိုးသားအကျိုးစီးပွားဖော်ဆောင်၍ရမည် မဟုတ်သလို အမျိုးသားရေးစိတ်ဓာတ် ရရှိရန်မှာလည်း မျိုးချစ်စိတ်ကသာ အခြေခံဖြစ်နေကြောင်း တွေ့ရပြန်သည်။ သို့သော် အစွန်းနှစ်ဖက် ရောက်မသွားရန်တော့ လိုအပ်သည်။ အစွန်းရောက်ခြင်းက ဖောက်ပြန်သောမျိုးချစ်စိတ်နှင့် အနုတ်လက္ခဏာ ဆောင်သော အမျိုးသားရေးဘက်သို့ ရောက်သွားတတ်၍ဖြစ်သည်။
ပြန်၍ချုပ်ရလျှင် နိုင်ငံနှင့်လူမျိုး ပြည်ထောင်စုကြီး၏ ပုံရိပ်မြင့်မားစေရေး မျိုးချစ်စိတ်ကို အစဉ်ထာဝရ ပုံဖော်နေရန်သာ အရေးကြီးပါသည်။ လက်ရှိအခြေအနေများအရ ယခုပစ္စုပ္ပန်ကော နောင်အနာဂတ် အတွက်ပါ မှန်ကန်ပြီးအရောင်အသွေးကင်းသည့် မျိုးချစ်စိတ်ကို အခြေခံသော အမျိုးသားရေးနှင့် အမျိုးသား အကျိုးစီးပွားမှ လွဲ၍ အခြားအရေးကြီးဆုံးသောအရာမရှိနိုင်ပါ။ ထိုဆိုသောအချက်သည်သာ အရာအားလုံးအတွက် အဓိက အကြောင်းတရား ဖြစ်နေသောကြောင့် ဖြစ်ပါသည်။


