ဝါးခယ်မ ၆ မတ် 


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ခြင်းနှင့် စီမံကိန်း စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ပို့ချမှုကို ယမန်နေ့နံနက်ပိုင်းက မနောသုခ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်တို့က မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်သည့် ကျေးရွာ ၁၁ ရွာမှ မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဘဏ်စာရင်းရှင်များထံသို့  စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ စီမံခန့်ခွဲမှု သင်တန်းတွင် စီမံကိန်းအကြောင်းအရာများ၊ ကော်မတီဖွဲ့စည်းခြင်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ငွေစာရင်းပုံစံများ ရေးသွင်းနည်း၊ လက်တွေ့ဖြည့်သွင်းခြင်းတို့ကို သုံးရက်ကြာ ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကျိုးပြုကျေးရွာအနေဖြင့် ၁၁ ရွာအား ယူနစ်အားဖြင့် ၈ ယူနစ် ထပ်တိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စုစုပေါင်းအနေဖြင့် အကျိုးပြုကျေးရွာ ၁၀၄ ရွာ၊ ယူနစ်အားဖြင့် ၉၆ ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


လွှမ်းသီဟ (ပြန်/ဆက်)

 

1