သန်လျင် ၆ မတ် 


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်က မင်္ဂလွန်းကျေးရွာ အခြေခံပညာ မူလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုမွန်ဝင်းက သင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိကာ မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို သင်တန်းသားများအနေဖြင့် စနစ်တကျ လေ့လာသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ ၃၀ ခန့် တက်ရောက်ကြပြီး သင်တန်းကာလ ရက် ၂၀ အတွင်း လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မင်းမြင့်မိုရ်(ငါန်းဇွန်)