ကျိုက်မရော ၆ မတ်
နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ယဉ်ကျေး လိမ္မာသော သားကောင်း သမီးကောင်းလေးများ ဖြစ်စေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာ သင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့ ရသေ့တိုက်ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ရသေ့တိုက်ကျောင်းဆရာတော်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းမိန့်ကြားတော်မူပြီး အင်္ဂလိပ်စာအခြေခံ သင်ကြားပေးမည့် တာဝန်ခံ ဆရာတစ်ဦးက ကလေးများ အင်္ဂလိပ်စာကို အခြေခံကအစ တတ်မြောက်ထားစေလို၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ သင်တန်းကို မတ် ၆ ရက်မှ ဧပြီ ၅ရက်ထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရော(ပြန်/ဆက်)


