ပေါက်ပေါက်
တစ်မိုးကုန်၍ တစ်ဆောင်းသစ်ပြန်ပါပြီ။ ရှေးလူကြီးများက သက်ရှည်ကျန်းမာစွာနေနိုင်ရန် အတွက် “၁၂ လရာသီပတ်လုံး ကျန်းမာချင်သလား၊ နွေအချို၊ မိုးအခါး၊ ဆောင်းအချဉ်စား”ဟု မိန့်ဆိုထားပါသည်။ ၎င်းဆိုရိုးစကားကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့မြန်မာပြည်သူ ပြည်သားများသည် ဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက်ကတည်းက ကျန်းမာရေးဗဟုသုတ အသိအမြင်ခေတ်မီကြောင်း လေ့လာသိရှိရပါသည်။ ထို့ကြောင့် ဆောင်းရာသီ ဓာတ်စာအဖြစ် အချဉ်အရသာရှိသော အစားအစာများကို များများစားပေးသင့်ပါသည်။
အချဉ်အရသာမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ
အချဉ်အရသာကို ဆေးသိပ္ပံနည်းအရ သရုပ်ဖော်ကြည့်မည်ဆိုပါက solid ခေါ် အစိုင်အခဲဓာတ် နှင့် fire ခေါ် အပူဒြပ်စင်တို့ ပေါင်းစပ်ထားကြပါသည်။ တစ်နည်းဆိုသော် အချဉ်ဓာတ်သည် မြေကြီးဒြပ်စင်တစ်မျိုးဖြစ်သည်။
အချဉ်ဓာတ်သည် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေရုံသာမက အသည်းနှင့် ဆီးအိမ်ကို ကျန်းမာ စေသည့်အပြင် မိမိစားသုံးလိုက်သော အစား အသောက်များထဲရှိ သတ္တုဓာတ်များကို အလွယ်တကူ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်၏ တစ်သျှူးများကို သန့်စင်ပေးသည်။ သံပရာသီး၊ ရှောက်သီး၊ သံပရိုသီး၊ နာနတ်သီး၊ ပန်းသီး၊ မန်ကျည်းသီး၊ သစ်တော်သီး၊ ဒိန်ချဉ်၊ ချဉ်သောကရင်မ်၊ ပဲငါးပိအချဉ်ရည်၊ ရှလကာရည် စသည့် အချဉ်အရသာတို့ကို စားသုံးခြင်းဖြင့် လူသားတို့၏ ခန္ဓာကိုယ်နှင့် စိတ်အာရုံတွင် ရရှိစေနိုင်မည့် အကျိုးကျေးဇူးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
(က) သွားရည်ယိုလာသောကြောင့် ခံတွင်း ခြောက်သွေ့ခြင်းကို မဖြစ်စေပါ။
(ခ) တံတွေး ထွက်လာသောကြောင့် ပါးစပ်နှင့် ခံတွင်းတို့၏ ဇီဝဖြစ်စဉ်ကို ကောင်းစွာအလုပ်လုပ်စေပါသည်။ (အထူးသဖြင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခံတွင်းနှင့် အာခေါင်ထဲသို့ ဝင်ရောက်ပျံ့နှံ့လာသော ကိုရိုနာဗိုင်းရပ်စ်များအပြင် ရာသီတုပ်ကွေး H1N1 ပိုးတို့ကိုပါ ရှင်းလင်းသုတ်သင်ပေးနိုင်သည်)
(ဂ) ချွေးထွက်စေခြင်း။
(ဃ) သွားအခေါင်းပေါက်များကို သန့်စင်စေခြင်း။
(င) အချဉ်အရသာကို မျိုချလိုက်သည့်အခါ ခံတွင်းနှင့် လည်ချောင်းတစ်လျှောက် ပူနွေးစိုစွတ်စေခြင်း။
(စ) လျှာကို နိုးကြားတက်ကြွလာစေခြင်း။
(ဆ) ခံတွင်းမြိန် နှုတ်မြိန်စေခြင်း။
(ဇ) အအီပြေစေခြင်း။
(ဈ) စိတ်ကို သက်သောင့်သက်သာ ဖြစ်လာနိုင်ခြင်း။
(ည) အရသာခံအာရုံကို တိုးတက်လာစေခြင်း။
(ဋ) အစာကြေညက်စေခြင်း။
(ဌ) ခန္ဓာကိုယ်တွင်း ကလီစာများကို ခြောက်သွေ့ခြင်းမဖြစ်စေခြင်း။
(ဍ) နှလုံးကျန်းမာစေခြင်း။
(ဎ) အရိုးအားကောင်း စေခြင်း။
(ဏ) သွေးယိုစီးခြင်းမှ ကာကွယ်ပေးခြင်း။
(တ) ဆီးရွှင်စေခြင်းနှင့်
(ထ) အာဟာရဖြစ်စေပါသည်။
ရှောက်သီး၊ သံပရာသီးများနှင့် အာဟာရတန်ဖိုး
အထူးသဖြင့် ဆစ်ထရစ်အက်စစ်ဓာတ်ကြွယ်ဝ သည့် သံပရာသီးနှင့် ရှောက်သီးတို့သည် ခန္ဓာကိုယ် အလေးချိန်ကို ကျစေခြင်း၊ အသားအရေကြည်လင် စေခြင်း၊ မျက်စိကောင်းခြင်း၊ အစာမြန်မြန် ကြေညက်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး နိုင်ခြင်းဖြင့် ကောင်းကျိုးပြုပါသည်။ ထို့ပြင် အသက်ရှူလမ်းကြောင်းကို သက်သောင့်သက်သာ ဖြစ်စေ၍ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးအပါအဝင် ရာသီဖျားနာကူးစက် ရောဂါပိုးများ အန္တရာယ်မှ ကာကွယ်ပေးပါသည်။ ထို့ပြင်၎င်းအချဉ်သီးများက ဆီးရောဂါအမျိုးမျိုးနှင့် အသားအရေ ပြဿနာဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါသည်။
ဒိန်ချဉ်နှင့် အာဟာရတန်ဖိုး
ဒိန်ချဉ်ကိုများသောအားဖြင့် နွားနို့ သို့မဟုတ် ကျွဲနို့ဖြင့် ပြုလုပ်လေ့ရှိကြပါသည်။ ဒိန်ချဉ်ထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့်အပြင် probiotic (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားများပါရှိ၍ နေ့စဉ် ဒိန်ချဉ် ၁၀၀ ဂရမ် သောက်သုံးပေး ခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေ ခြင်း၊ အဆီနည်းသော ဒိန်ချဉ်သောက်သုံးပေးခြင်းဖြင့် အဆစ်အမျက်ရောင်ရောဂါနှင့် ဂေါက်ရောဂါဖြစ်နိုင် ခြေကို လျော့နည်းစေခြင်း၊ အမျိုးသမီးများ ယောနိကို သန့်စင်ပေးပြီး ယောနိအင်္ဂါမှိုစွဲခြင်း သို့မဟုတ် အဖြူဆင်း၍ ယားယံခြင်းမှ ကာကွယ်ပေးခြင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ် ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုက်ခဲနာကျင်မှုဝေဒနာများ သက်သာစေခြင်း၊ ပဋိသန္ဓေတားဆေးမှီဝဲသော အမျိုးသမီးများ ဟော်မုန်းထွက်ရှိမှု မျှတစေခြင်း၊ ဒိန်ချဉ်ထဲရှိ လက်တစ်အက်စစ်သည် ခံတွင်းထဲရှိ ဗက်တီးရီးယား ပိုးမွှားများကိုသေစေ၍ ခံတွင်းရနံ့ဆိုးများကိုလည်း ပြေပျောက်စေသည့်အပြင် သွားနှင့် သွားဖုံးတို့ကိုပါ ကျန်းမာစေခြင်း၊ အသက် သုံးနှစ်အရွယ် ကလေးငယ်များကို ဒိန်ချဉ်တိုက်ကျွေးခြင်းဖြင့် သွားများပေါ်တွင် အလွှာတစ်ထပ်ဖုံးစေကာ သွားပိုးစားမှုသက်သာ၍ ခိုင်ခံ့လာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။ ထို့ပြင် အစာအိမ်နှင့် အူကို ကောင်းကျိုးပြုစေ၍ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်များသာမက ရာသီဖျားနာတုပ်ကွေး ဖြစ်စေသော ကူးစက် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်တတ်သည့် ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ဝမ်းသွားခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေ ပါသည်။ ထို့ကြောင့် ဒိန်ချဉ်သည် အရွယ်သုံးပါးမရွေး ကောင်းကျိုးပြုစေနိုင်သောကြောင့် ကမ္ဘာ့ အကောင်းဆုံးအစားအစာ ၁၀ မျိုးစာရင်းထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း WHFoods မှ အကြံပြု ထားပါသည်။
ရှလကာရည်နှင့် အာဟာရတန်ဖိုး
ထမင်းမစားမီ ရှလကာရည်ကို လက်ဖက် ရည်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးသင့်ပါသည်။ ရှလကာရည်သည် သွေးတွင်းသကြားဓာတ်တို့ကို အချိန်ကြာကြာ တည်ငြိမ်စေသောကြောင့် ကိုယ အလေးချိန်လျော့ကျအောင် ကူညီပေးသကဲ့သို့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါသည်။ ထို့ပြင်ရှလကာရည်ထဲတွင်ရှိသည့် သဘာဝဗီတာမင်၊ သတ္တု ဓာတ်နှင့် အင်ဇိုင်းဓာတ်များက သွေးလှည့်ပတ်မှုစနစ် ကို လှုံ့ဆော်ပေးပြီး အသည်းတွင် အဆိပ်ခြေဖျက်သည့် စနစ်ကိုပါ အကူအညီပေးပါသည်။ အစာစားတိုင်း ရှလကာရည်ထည့်စားပေးခြင်းဖြင့် အစာကြေညက် လွယ်သည့်အပြင် နာတာရှည်ရင်ပူဝေဒနာကိုလည်း သက်သာစေပါသည်။ ကြက်သွန်နီကို ထက်ခြမ်း ခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှလကာရည်မြုပ်အောင် တစ်ညသိပ်စိမ်၍ အဖုံးလုံအောင်ဖုံးပြီး နောက် ထမင်းစားသည့်အခါတိုင်း ၎င်းကြက်သွန်နီကို ထည့်စားပေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးများ၊ ရာသီတုပ်ကွေးရောဂါများနှင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်စေသော Dengue Virus ပိုးများအန္တရာယ် အတွက်ကိုလည်း ကြိုတင်ကာကွယ်ရာရောက်ပါသည်။ ထို့ပြင်ငါးဟင်းလျာစားပြီး ငါးရိုးစူးသည့်အခါ ရှလကာရည်တစ်ပန်းကန် (အကြမ်းပန်းကန်) တစ်လုံးစာ သောက်ချပေးနိုင်ပါသည်။ ဗောက်ထ၍ ယားယံသော ဦးရေပြားအတွက်ကိုလည်း ရှလကာရည်နှင့် ရေအေးတို့ ဆတူရော၍ ဦးရေပြား အနှံ့နှိပ်နယ်လိမ်းကျံပြီး မိနစ်အနည်းငယ်အကြာ ရေဖြင့်လောင်းချပြီးနောက် ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်ဖြင့် စင်အောင် လျှော်ပေးသင့်ပါသည်။
အချဉ်လွန်ကဲခြင်း၏ အပြစ်များ
အထက်ဖော်ပြပါ အချဉ်အရသာရှိသော အစား အစာများအပြင် ကီဝီသီး၊ မာလကာသီး၊ ချဉ်သော လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းငရုတ်ပွ၊ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း (ဘရို ကိုလီ)၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ အစိမ်းရောင်ပဲသီး အမျိုးမျိုးတို့မှာလည်း ဗီတာမင်စီဓာတ်တို့ကို လုံလောက်စွာ ရရှိနိုင်ပါသည်။ သို့သော် အရွယ် ရောက်ပြီးသူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ပမာဏမှာ ၄၅ မှ ၆၀ မီလီ ဂရမ်ဖြစ်ပါသည်။ အကယ်၍ လိုအပ်ချက်ပမာဏ ထက်ပို၍ အချဉ်ဓာတ် (ဗီတာမင်စီ)ကို ပို၍စားသုံး မိပါက ကျောက်ကပ်ကိုထိခိုက်စေခြင်း၊ အမျိုးသားများတွင် အရည်အသွေးညံ့သော သုက်ပိုးကောင် သုက်ရည်ထွက်ရှိခြင်း၊ အသည်းကို လွန်စွာအလုပ် လုပ်စေသောကြောင့် အသည်းကိုထိခိုက်လာခြင်း၊ ရေငတ်ခြင်း၊ ရင်ပူခြင်းများ ဖြစ်စေနိုင်၍ အချဉ်ဓာတ် ကို လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
လူနာနှင့် အချဉ်အစားအစာများ
ထိခိုက်ဒဏ်ရာရ၍ အနာချုပ်ထားရသူများ၊ ခွဲစိတ်ခံထားရသူများအပါအဝင် အရိုးပျော့ရောဂါ၊ သွေးအားနည်းရောဂါ စသည့်ဝေဒနာသည်များကို အနာမြန်မြန်ကျက်စေရန်သော်လည်းကောင်း၊ သွေးထဲရှိ ကိုယ်ခံစွမ်းရည်သတ္တိကို မြှင့်ခြင်းဖြင့် ဝေဒနာမြန်မြန် ပျောက်ကင်းအောင်သော်လည်းကောင်း ရည်ရွယ်၍ ဆရာဝန်များက “အချဉ်များများ စားပါ”ဟု ညွှန်ကြားလေ့ရှိပါသည်။ အချဉ်ဆိုသည်မှာ ရှောက်သီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဆီးဖြူသီး၊ ဆီးသီး၊ သရက်သီး စသဖြင့် အမျိုးမျိုးရှိကြရာ ရာသီမရွေး အလွယ်တကူရရှိနိုင်သော အချဉ်သီးမှာ ရှောက်သီးနှင့် သံပရာသီးတို့ ဖြစ်ကြပါသည်။ ထိုနည်းတူစွာပင် ဆရာဝန်များ အများဆုံးရည်ညွှန်းပြောကြားလေ့ရှိသော အချဉ် ဆိုသည်မှာလည်း ရှောက်သီးနှင့် သံပရာသီးတို့ပဲ ဖြစ်ပါသည်။
လူနာများကြောက်ကြသည်မှာ “အနာရှိသူများ အချဉ်စားလျှင် မေးခိုင်လိမ့်မည်” “ဖျားနေသူများ အချဉ်စားလျှင် ငန်းဝင်လိမ့်မည်” “ အင်္ဂလိပ်ဆေးစား ထားလျှင် တစ်နေ့တာလုံး အချဉ်မစားနဲ့”ဟူ၍ လူနာ ၁၀၀ တွင် ပျမ်းမျှ ၉၀ ခန့်က ဤသို့ ပြောနေကြသည် ကို ကြားသိရပါလိမ့်မည်။ သို့တည်းမဟုတ် သင် (စာဖတ်သူ) ကိုယ်တိုင် ထင်မြင်ယူဆနေပါလိမ့်မည်။ ထိုကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သော အနှစ် ၂၀ ခန့် တွင် နိုင်ငံတကာ ကျန်းမာရေး သုတေသီများ၏ လေ့လာစမ်းစစ်မှုမှတ်တမ်းများအရ အနာပေါက်စဉ် အချဉ်စားလျှင် အနာမြန်မြန် ကျက်လွယ်ကြောင်း၊ ခွဲစိတ်ခံထားရသူများ အချဉ်စားလျှင် ချုပ်ရိုးမြန်မြန် ကျက်စေကြောင်း၊ ဖျားနာနေစဉ် (အပူဒီဂရီမည်မျှပင် ရှိစေကာမူ) အချဉ်စားလျှင် ကိုယ်ခံစွမ်းရည် မြင့်မားလာပြီး မြန်မြန် အဖျားပျောက်စေကြောင်း၊ အရိုးပျော့ရောဂါမဖြစ်ရန်၊ သွားများခိုင်ခံ့ရန်နှင့် သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ ရင်တုန်၍ မောပန်းလွယ်သောရောဂါများမှ ကင်းဝေးလိုလျှင် အချဉ်ဖျော်ရည် သို့မဟုတ် အသီးတစ်မျိုးမျိုးကို နေ့စဉ်မှီဝဲသင့်ကြောင်း အဖြေထွက်ရှိပါသည်။
သို့သော် အထူးသတိပြုရန်မှာ ဆစ်ထရစ် အက်စစ်ခေါ် အချဉ်ဓာတ်ကဲသည့် အစားအစာများကို မည်သည့် ရောဂါကြောင့်ဖြစ်စေ အင်္ဂလိပ်ဆေး၊ ပဋိဇီဝဆေးများ သောက်ပြီးပြီးချင်း သို့မဟုတ် ဆေးထိုး ပြီးပြီးချင်း ချက်ချင်းမစားသင့်ပါ။ ဆေးထိုးဆေးသောက်ပြီး အနည်းဆုံး တစ်နာရီကျော်ကြာမှသာလျှင် အချဉ်အရသာရှိသော အစားအစာများကို စားသောက်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးများ သောက်သည့်အခါ ဗီတာမင်စီဆေးပြားနှင့်တွဲ၍ မသောက်သင့်ပါ။ ထို့နည်းတူ အချဉ်အရသာရှိသော ဖျော်ရည်များဖြင့်လည်း ရောမသောက်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် အကိုက်အခဲ ပျောက်ဆေးထဲတွင် ပါရှိနေသော အက်စစ်တစ်မျိုးနှင့် ဗီတာမင်စီဓာတ်တို့၏ ပေါင်းစပ်မှုဓာတ်သတ္တိ အရှိန်ကြောင့် နုနယ်သော အစာအိမ်နံရံကို တိုက်စားသွားပြီးနောက် သွေးများ ယိုစိမ့်ထွက်လာတတ်ကာ သွေးမတိတ်ပါက သွေးလန့်ပြီး သေစေနိုင်သည်။ ထို့ကြောင့် အသက်အန္တရာယ် ကင်းစေရန်အတွက် အချဉ်စားပြီးနောက် အချိန်နှစ်နာရီခန့်ခွာ၍ အကိုက်အခဲပျောက်ဆေး မှီဝဲသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။


