မန္တလေး ၆ မတ် 

 

ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲရောင်းချမည့် တောသင်္ကြန်ဈေးတန်း ဆိုင်ခန်းခနှုန်းထားများကို ငွေကျပ် ၂ သိန်းဖြင့် ရောင်းချကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။

 

22

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မတ် ၄ ရက်ထုတ် မန္တလေးသတင်းစာတွင် တောသင်္ကြန်ဆိုင်ခန်းများ ငှားရမ်းခကို တစ်ခန်းလျှင် ငွေကျပ် ၅ သိန်းနှုန်းထားဖြင့် သတ်မှတ်ခဲ့ပြီး အာမခံကြေး ငွေကျပ် ၅ သောင်း ပေးသွင်းရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မတ် ၆ ရက်တွင် ငွေကျပ် နှစ်သိန်းသို့ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

 

"စားသုံးသူတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် ဆိုင်ခန်းခတစ်နေရာကို ကျပ်နှစ်သိန်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်'' ဟု  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဦးကျော်ဆန်းမြင့်က ပြောသည်။ 

 

"မနှစ်က တောသင်္ကြန်ညဈေးမှာ ဆိုင်ခန်းခများ ကောက်ခံခဲ့ခြင်း မရှိခဲ့ဘူး။ ဒီနှစ်မှာ ဆိုင်ခန်းခများကြောင့် ဈေးနှုန်းများ မြင့်တက်သွားတာမျိုး မဖြစ်စေချင်လို့ လျှော့ချပေးခဲ့တာပါ။ ငါးသိန်းနှုန်းနဲ့ ရောင်းချပေးပြီးတဲ့ ဆိုင်ခန်း ၂၇ ခန်းကို ငွေပြန်အန်းသွားမှာပါ" ဟု စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော်အောင်က ပြောသည်။

 

တောသင်္ကြန် ညဈေးကို ၂၀၁၈ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မန္တလေးကျုံး အရှေ့ဘက်လမ်းဖြစ်သော ၆၆ လမ်းတွင်  ၁၉ လမ်းမှ ၂၃ လမ်းအထိ  လမ်းဧရိယာ နယ်နိမိတ်အတွင်း၌  နေ့၊ ည ဖွင့်လှစ်ရောင်းချနိုင်မည့် ဆိုင်ခန်းဧရိယာ  ၁၀ ပေ ပတ်လည်အကျယ်ရှိ တောသင်္ကြန်ဆိုင်ခန်း ၂၁၈ ခန်းအား ဦးရာလူစနစ်ဖြင့် ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဈေးတွင် မန္တလေးမြို့ထွက် အစားအသောက်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ စာအုပ်ဆိုင်များ အပါအဝင် အခြားပစ္စည်း အမျိုးမျိုးတို့ကိုလည်း ရောင်းချနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးကျုံး အရှေ့ဘက်အခြမ်းတွင် တောသင်္ကြန်၊ တိုင်းရင်းသားသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

 

မန္တလေးသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ကို ၂၀၁၇ ခုနှစ်မှ စတင်ထည့်သွင်း ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တောသင်္ကြန်ကို ပထမဆုံးအကြိမ် စတင်ထည့်သွင်း ကျင်းပခဲ့သည်။

 

သူရိန်လင်း
(ဓာတ်ပုံ- ယခင်နှစ်များက ကျင်းပခဲ့သည့် လမ်းလျှောက်သင်္ကြန်နှင့် တောသင်္ကြန်)