နေပြည်တော် ၆ မတ်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နှစ်ဖက်အကျိုးတူ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။ ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် နှစ်ဖက်အဆင်ပြေမည့် အချိန်တွင် ချက်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ရန် ချက်ဝန်ကြီးချုပ်၏ ဖိတ်ကြားစာကို ဒုတိယဝန်ကြီးက ပေးအပ်ခဲ့ပြီး မြန်မာဘက်မှလည်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ပရာဂ့်မြို့တွင် ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်မှု အခြေအနေကိုလည်း အသိပေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် မြန်မာ-ချက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa တို့က လက်မှတ်ရေးထိုးသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ ပညာရေးနှင့် ကမ္ဘာလှည့်ခရီးသွား စသည့်ကဏ္ဍရပ်များတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်စဉ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သောနှင့်အဖွဲ့အား နေပြည်တော်ရှိ ပက်ခ်ရိုင်ရယ်ဟိုတယ်၌ နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)


