နေပြည်တော် ၆ မတ်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women ) ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Nicolas Burniat အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Mr. Nicolas Burniat က ၎င်း၏ ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံအစိုးရမှ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ကုလသမဂ္ဂ အမျိုးသမီးရေးရာအဖွဲ့မှ ကူညီပံ့ပိုးပေးနိုင်မည့် အလားအလာနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဥ်)


