ရန်ကုန် ၆ မတ်
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စာစစ်ဌာန ၂၂၇ ခုတွင် စာရင်းရှိဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၉၆၇၉ ဦးရှိရာ ယနေ့တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၁၇၅၉ ဦး (၉၃ ဒသမ ၈၉ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၉၂၀ ဦး (၆ ဒသမ ၁၁ ရာခိုင်နှုန်း) ပျက်ကွက်ကြောင်း အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စေရန် စီစဉ်ထားမှုများနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းက “အထက-၄ ပုဇွန်တောင်ကျောင်း စာစစ်ဌာနအတွက် ပြင်ဆင်ပေးခဲ့တယ်။ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုတဲ့အခါမှာ ကျောင်းအုပ်ဆရာမကြီးတွေ ကျောင်းပြောင်းပြီး တာဝန်ထမ်းဆောင်ရတဲ့အတွက် ကျွန်မက အထက-၁ သာကေတ စာစစ်ဌာနမှာ တာဝန်ယူရပါတယ်။
အထက-၄ ပုဇွန်တောင်ကျောင်း စာစစ်ဌာနအတွက် ကျောင်းတွင်းဖြေရယ်၊ အလွတ်ဖြေရယ် စုစုပေါင်း ၃၁၄ ဦးရှိပါတယ်။ ဘာသာတွဲက နှစ်တွဲပဲ ဖြေဆိုကြမှာပါ။ ဓာတု၊ ဇီဝအတွဲရယ်။ ဓာတု၊ ဘောဂအတွဲရယ် နှစ်တွဲပဲဖြေရမှာ ဖြစ်ပါတယ်။
ကလေးတွေစာမေးပွဲဖြေရာမှာ စိတ်ချမ်းသာမှုရစေဖို့အတွက် အခန်းတွေ သန့်ရှင်းအောင် စီစဉ်ထားပေးတယ်။ မီးချောင်းတွေနဲ့ အခန်းတွေ အလင်းရောင်ရရှိအောင်လည်း ပြင်ဆင်ပေးထားပါတယ်။ ဒီနှစ်ရဲ့ထူးခြားချက်က စာဖြေခန်းတိုင်းမှာ တိုင်ကပ်နာရီ တစ်လုံးစီ တပ်ပေးထားပါတယ်။ ကျောင်းရုံးခန်းထဲမှာရှိတဲ့ နာရီနဲ့ မြန်မာစံတော်ချိန် နာရီနဲ့ တိုက်ပြီးတော့မှ စာဖြေခန်းအသီးသီးမှာ တိုင်ကပ်နာရီတွေ အားလုံးတပ်ပေးထားပါတယ်။ သောက်ရေ၊ သုံးရေရရှိရေး၊ ကျောင်းတွင်းကျောင်းပြင် လုံခြုံရေးအားလုံးကိုလည်း ကျွန်မတို့စီမံချက်တွေ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ထားပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကတော့ မြန်မာနိုင်ငံမှာ အင်မတန်စည်းစနစ်ကျတဲ့ စာမေးပွဲတစ်ခုဖြစ်တဲ့ အတွက်ကြောင့် ကြီးကြပ်ရေးမှူးလုပ်မယ့် ကျောင်းအုပ်ကြီးတွေက ကိုယ်တာဝန်ကျတဲ့စာစစ် ဌာနအသီးသီးမှာ စာဖြေမယ့်ကလေးတွေ အဆင်ပြေချောမွေ့ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စီမံချက်တွေရေးဆွဲပြီး စာဖြေသူကျောင်းသားတွေ စည်းကမ်းတကျ အေးအေးချမ်းချမ်း ဖြေဆိုနိုင်ဖို့အတွက်ကို ကျောင်းတွေမှာ ပြည့်ပြည့်စုံစုံံ ပြင်ဆင်ထားပါတယ်။
ကျောင်းပြောင်း တာဝန်ထမ်းဆောင်ရာမှာ ကိုယ့်ကျောင်းမှာ တာဝန်ထမ်းဆောင်မယ့် ကြီးကြပ်ရေးမှူးတွေ အဆင်သင့်ဖြစ်ဖို့အတွက် စာဖြေခန်းတွေရော၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းဖို့ လုံခြုံဖို့ အတွက်ရော၊ သောက်ရေ သုံးရေ ပြည့်ပြည့်စုံစုံရရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးအလင်းရောင်ရရှိရေး၊ ပင်မကျောင်းတွေက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရပါတယ်”ဟု ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် ကာလအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ကျောင်းပြင်ပတွင် လုံခြုံရေးတာဝန်များနှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။
ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသား မောင်မင်းခန့်ကိုက “ကျွန်တော့်ရဲ့စာဖြေဌာနက အထက-၁ ဒဂုံပါပဲ။ ဒီနေ့ မြန်မာစာကို ဖြေနိုင်ပါတယ်။ ကျက်ထားတာတွေလည်း အကုန်ပါပါတယ်။ မေးခွန်းပုံစံက နည်းနည်းပြောင်းထားပါတယ်။ မေးခွန်းပုံစံမှာ ဒီနှစ် ပြောင်းထားတာက အဆိုများအနက် တစ်ခုကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါဆိုတဲ့ မေးခွန်းလေးတော့ ပြောင်းထားပါတယ်။ အရင်နှစ်က စာစီစာကုံးဆိုရင် အမှတ် ၂၀ ပေးတာ၊ အခုနှစ်က စာစီစာကုံးနဲ့ ခုနက အဆိုမေးခွန်း နှစ်ခုပေါင်းမှ အမှတ် ၂၀ ပေးတယ်။ မေးခွန်းပုံစံ ပြောင်းပေမယ့်လည်း မြန်မာစာကို ကောင်းမွန်စွာ ဖြေနိုင်ခဲ့ပါတယ်” ဟု ပြောသည်။
“ကျွန်တော့်သားက ဒဂုံ(၁) စာစစ်ဌာနမှ စာမေးပွဲဖြေခဲ့ပါတယ်။ မြန်မာစာကိုတော့ ကောင်းမွန်စွာဖြေနိုင်ခဲ့ပါတယ်။ ကလေးတွေက ၉ တန်းစာမေးပွဲပြီး ကတည်းက ခုချိန် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အထိ ကြိုးစားပြင်ဆင်ခဲ့ရတာပါ။ စာဖြေ ကျောင်းသားကျောင်းသူတိုင်းကို အောင်မြင်စွာ ကြိုးစား ဖြေဆိုစေချင်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ဘာသာတိုင်းကို ဝင်ရောက်ဖြေဆိုကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျောင်းသားကျောင်းသူတွေ စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ဖို့အတွက် သင်ကြားပေးကြတဲ့ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင် ပါတယ်”ဟု ကျောင်းသားမိဘ ဦးအောင်ကိုညွန့်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မျက်မမြင်၊ ဆွံ့အ၊ နားမကြား ကျောင်းသား ကျောင်းသူများသည် အထက(၂) ကြည့်မြင်တိုင် မြို့နယ်တွင် ၈ ဦး၊ အထက(၂) အင်းစိန်မြို့နယ်တွင် ၅ ဦး၊ အထက(၃) ဒဂုံမြို့နယ်တွင် ၆ ဦး စုစုပေါင်း ၁၉ ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခဲ့ကြကြောင်း အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။ ထို့ပြင် ဆေးရုံတက်ကုသမှုခံယူနေသည့် ကျောင်းသားကျောင်းသူ ၁၆ ဦးတို့မှလည်း ယနေ့မြန်မာစာဘာသာကို ဆေးရုံဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုကြသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်၊
ဓာတ်ပုံ - ဇော်မင်းလတ်


