နေပြည်တော် ၆ မတ်
ကမ္ဘာ့ရေနေ့ (၂ဝ၁၉) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန်များ၊ Water Mothers Organization နာယက ဒေါက်တာရွှေလွှမ်း၊ အမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ၊ သံတမန်များ၊ NGO ၊ INGO များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ရေကဏ္ဍနှင့် ဆက်နွှယ်သက်ဆိုင်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက အမျိုးသားအဆင့်ရေ အရင်းအမြစ် ကော်မတီကို၂၀၁၃ ခုနှစ်တွင်စတင် ဖွဲ့စည်းပြီး ၂၀၁၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ပါကြောင်း၊ ရေနှင့်ပတ်သက်၍ ပိုမိုအလေးထား ဆောင်ရွက်စေရန်၊ ရေနှင့်ဆက်နွှယ် သက်ဆိုင်သူများ အကြားအတွေ့အကြုံနှင့် နည်းပညာများဖလှယ်ရန်၊ ရေနှင့်ပတ်သက်သည့် သုတေသနနှင့် နည်းပညာများအား ကောင်းစေရန်၊ ရေနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများအကြား ဆက်သွယ်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် စသည့် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုနှစ် ၂၀၁၉ ခုနှစ်ကမ္ဘာ့ရေနေ့အတွက် အထူးပြုအကြောင်းအရာ “Theme” မှာ လူသားအခွင့်အရေးအရ ဒုက္ခသည်များအပါအဝင် “မည်သူ့ကိုမျှ နောက်ချန် မထားခဲ့ရေး” “Leaving No One Behind” ဖြစ်ပါကြောင်း၊ လုံခြုံဘေးကင်းသည့်ရေ၊ ကောင်းမွန်သည့် ရေနှင့် သန့်ရှင်းမှုစနစ်တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိခဲ့သူများစွာအတွက် အကြောင်းရင်းများ အလေးထားရှာဖွေ ဖြေရှင်းကြရန်ရည်ရွယ်၍ UN-Water အနေဖြင့် အဆိုပါအထူးပြုအကြောင်းအရာ “Theme” ကို သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း။
ယနေ့ ကမ္ဘာ့လူဦးရေ (၁) ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ၎င်းတို့၏ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိနေပါကြောင်း၊ ကမ္ဘာ့လူဦးရေ (၂ဒသမ၃) ဘီလီယံခန့်သည် ကောင်းမွန်သည့် မိလ္လာစနစ်ဖြင့် အလှမ်းဝေးကွာဆဲ ဖြစ်သည့်အတွက် ၎င်းတို့၏ သက်ရှည်ကျန်းမာမှုများအပေါ် သက်ရောက်မှုများ ခံစားနေကြရဆဲဖြစ်ပါကြောင်း။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ရေနှင့် ဆက်နွှယ်သည့် အခက်အခဲပြဿနာများကို ကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့ကြုံနေကြရပါကြောင်း၊ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ လေပြင်းမုန်တိုင်း ကျရောက်မှု စသည့် သဘာဝဘေး အန္တရာယ်များကြောင့် လုံခြုံဘေးကင်းသည့် သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စိုက်ပျိုးရေရရှိရေးအပါအဝင် ကဏ္ဍစုံထိခိုက်စေမှုများကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် နိုင်ငံများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကြီးမားသည့် သက်ရောက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ရေနှင့်ပတ်သက်သည့် အခက်အခဲပြဿနာများကို တွေ့ကြုံ ခံစားနေရပါကြောင်း။
မိမိတို့နိုင်ငံသည် ရေအရင်းအမြစ် ကြွယ်ဝပြီး အာဆီယံ(၁၀)နိုင်ငံ၏ ရေ (၁၆)ရာခိုင်နှုန်း ခန့်နှင့် အာရှတိုက်တစ်တိုက်လုံး၏ ရေ(၁၂)ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်သည့် ရေအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် မိုးရွာသွန်းမှု ကွဲပြားခြားနားမှု၊ လူဦးရေတိုးပွားမှု၊ လူနေထူထပ်မှု၊ စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ တိုးတက်များပြားလာမှု စသည့် လူနေမှုစနစ်များ ပြောင်းလဲလာမှုတို့ကြောင့် ရေလိုအပ်မှုသည် လျင်မြန်စွာ ပိုမိုများပြားလာပြီး လူတိုင်းအတွက် ရေဖူလုံစွာရရှိနိုင်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေပါကြောင်း၊ အခြေခံလိုအပ်ချက်များဖြစ်သည့် ဘေးကင်းသော သောက်သုံးရေရရှိနိုင်မှု၊ မိလ္လာနှင့် ရေဆိုးစွန့်ပစ်မှုစနစ်အတွက် ရေလိုအပ်မှုများသည်လည်း နေရာအများစုတွင် ပြဿနာရပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း၊ စနစ်တကျသန့်စင်ခြင်းမရှိဘဲ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်လိုက်သည့် ရေဆိုးများနှင့် ဓာတုပစ္စည်းများကြောင့်လည်း ရေထုညစ်ညမ်းမှုပြဿနာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါအခက်အခဲများကို ဖြေရှင်းရန်နှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲရေးကို စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ရေအရင်းအမြစ် စီမံခန့်ခွဲမှုအတွက်ရေတို၊ ရေလတ်နှင့် ရေရှည်အစီအမံများချမှတ် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အစီအမံများချမှတ် ဆောင်ရွက်ရာတွင်လည်း အားလုံးပါဝင် ဆောင်ရွက်ကြမှသာ လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုအတွက် အားလုံးပူးပေါင်းပါဝင်၍ အတူတကွ ရေရှည်ဆောင်ရွက်သွားမှသာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိရှိ စီမံဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းမှုနှင့် အတူအမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး ရေနှင့်ဆက်နွှယ်သည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန် အထောက်အကူပြုရေး၊ ရေအရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ အနေဖြင့်လည်း ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လေ့လာမှုများနှင့် စီမံကိန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အနေဖြင့်လည်း ASEAN ပူးပေါင်းဆောင်ရွက်မှု၊ Mekong River Commission, Lancang-Mekong Cooperation စသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး ကော်မတီများ အနေဖြင့်လည်း ရေပိုမိုသိုလှောင်နိုင်ရေးအတွက် အခြေခံအဆောက်အဦများ ပိုမိုတည်ဆောက်ခြင်း၊ ရေပြုန်းတီးလေလွင့်မှု လျော့ပါးစေရေး လုပ်ငန်းစဉ်များနှင့် ရေချွေတာရေးဆိုင်ရာ လှုပ်ရှားမှုများကို ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူရေနှင့် ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေး အစီအမံများဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းများတိုက်ခတ်မှု၊ ရေကြီးရေလျှံမှု၊ ပင်လယ်လှိုင်းများ ဖြစ်ပေါ်မှုတို့ကို စောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီ ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေမည့် အခြေခံအဆောက်အဦများ တည်ဆောက်ပြုပြင်ခြင်း၊ ဆက်နွှယ်သက်ဆိုင်သူများအတွက် ပညာပေးလုပ်ငန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ရေကဏ္ဍဘက်စုံစီမံခန့်ခွဲမှု အောင်မြင်ရေး ဆောင်ရွက်ရာတွင် ဘက်စုံအလွှာစုံတက် ကြွစွာပါဝင်လှုပ်ရှား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရေပေးဝေမှုနှင့် မိလ္လာစနစ်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ရေသွင်းစိုက်ပျိုးမှု၊ ရေအားလျှပ်စစ်၊ သဘာဝအခြေပြု ခရီးသွားလာမှု၊ သယ်ယူပို့ဆောင်မှု စသည့် ကဏ္ဍမျိုးစုံ တိုးတက်မှုရှိလာစေရန် အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါကဏ္ဍများ၏ အခြေခံလိုအပ်ချက်သည် ရေဖြစ်ကြောင်းနှင့် ရေသည်ရှားပါးသည့် အရင်းအမြစ်ဖြစ်ကြောင်း သိနားလည်ပြီး ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းနှင့် အသိအမြင်ရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေအသုံးပြုသူများအကြား ရေရှည်တည်တံ့သည့် ရေအသုံးချနိုင်မှုနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတ၊ နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးတိုင်ပင်မှုနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ရေကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့်အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေကဏ္ဍဆိုင်ရာ ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ်ဟူ၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ သတ်မှတ်ထားပါကြောင်း။
ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဦးဆောင်၍ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဆွေနိုင်ငံများ၊ အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အလေးထား ပြောကြားလိုပါကြောင်း၊ ရေဆိုင်ရာလုပ်ငန်းများသည် နိုင်ငံအတွက်သာမက နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် မဖြစ်မနေလုပ်ဆောင်ကြရမည့် လုပ်ငန်းများဖြစ်သည့်အတွက် မှန်ကန်သော အကျိုးရလဒ်များရရှိစေရန် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း Video ကိုပြသသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ဦးဆောင်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် Water Mothers Organization နာယက ဒေါက်တာရွှေလွှမ်းက ကမ္ဘာ့ရေနေ့ ၂၀၁၉ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “မည်သူ့ကိုမျှ နောက်ချန်မထားခဲ့ရေး” “Leaving No One Behind” နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပါမောက္ခ ဒေါက်တာခင်နီနီသိန်း ဦးဆောင်၍ ဒေါက်တာရွှေလွှမ်း၊ ဦးထွန်းလွင်ဦး၊ ဦးလှမောင်သိန်းနှင့် ဒေါ်သင်းနွယ်စိုးတို့ ပါဝင်ဆွေးနွေးကြသည်။
ယင်းနောက် ရေနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် သီးခြားစီ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


