နေပြည်တော် ၆ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ReCAP အဖွဲ့တို့ ပူးပေါင်း၍ ယာဉ်သွားလာမှုနည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ် ထုတ်လုပ်နိုင်ရေး (Development of a Design Manual for Low Volume Rural Roads) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲကို ကျေးလက်လမ်း သုတေသနလုပ်ငန်းများ၊ ကျေးလက်လမ်း သယ်ယူပို့ဆောင်ရေး သုတေသနလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြည်တွင်း/ပြည်ပ ကျွမ်းကျင်သူများ၊ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးခြင်းနှင့် ဆင်းရဲမှုလျော့ချခြင်း ဆောင်ရွက်မှုတွင် ကြိုးပမ်းအားထုတ်မှုများ တဟုန်ထိုးတိုးမြှင့်ရန် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးအတွက် အဓိကနေရာမှ ဆောင်ရွက်လျက်ရှိကြောင်း။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်ဧရိယာများ ဖွံ့ဖြိုးတိုးတက်ရန် ကျေးလက်လမ်းများနှင့် တံတားများကို ဆောက်လုပ်နေပါကြောင်း၊ ကျေးလက်နေပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဖြစ်ထွန်းမှု အပါအဝင် နိုင်ငံ့ရည်မှန်းချက်ရရှိရန် ဆောင်ရွက်ခြင်းနှင့် ကျေးလက်လမ်းများအတွက် နိုင်ငံ့အထူးဗျူဟာများကို တိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်လမ်းများနှင့် တံတားများအတွက် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ပိုမိုလိုအပ်၍ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျေးလက်အခြေခံ အဆောက်အအုံများအတွက် ရာသီဥတုဒဏ်ခံနိုင်ရန် ဆောက်လုပ်မည့် ဒီဇိုင်းများ ရရှိရန် အထောက်အကူပြုမည် ဖြစ်ပါကြောင်း။
ကျေးလက်လမ်းများနှင့် တံတားများ ဒီဇိုင်းအခြေခံသတ်မှတ်စံနှုန်း ပြန်လည်စိစစ်မှုအတွက် ပထမ(၅)နှစ်တာ အစီအစဉ်ကို ပြင်ဆင်ပြီးဖြစ်ကာ ဆက်လက်၍ “မြန်မာနိုင်ငံရှိ ယာဉ်သွားလာမှုနည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ်”ကို ပြင်ဆင်ပြီး ဤအလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်သည် မကြာခင်၌ စံနှုန်းညွှန်းများထုတ်လုပ်ရန် အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးအတွက် ဗဟုသုတနှင့် အတွေ့အကြုံများကို ဖလှယ်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် Development of a Design Manual for Law Volume Rural Roads in Myanmar မှ Team Leader Mr . Carl Berentsen က နှုတ်ခွန်းဆက် စကားပြောကြားပြီး စာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားရာ ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတို့မှ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေးကြသည်။
(သတင်းစဉ်)


