နေပြည်တော် ၆ မတ်
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်သံရုံးမှစီးပွားရေးရာဌာနမှူး Ms. Claire Kirkham နှင့် PWC Consortium မှငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် Mr. Nicolas Le Moignanတို့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG)တွင် ၂၀၀၆ ခုနှစ်၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေ၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံနှုန်းများ၊ အကြံပြုချက်များနှင့်အညီ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်နေမှု၊ ငွေကြေးခဝါချမှုများကို အရေးယူဆောင်ရွက်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပါဝင်ဆောင်ရွက်ရ သည့်လုပ်ငန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ UK အစိုး၏နည်းပညာဆိုင်ရာ အကူအညီပေးရေး အစီအစဉ်ကို အကောင်အထည်ဖော်နေသော PWC Consortium နှင့်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


