ရန်ကုန် ၆ မတ် 

 


ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၁၈ ခုနှစ် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝင် အခြေခံပညာ အထက်တန်းကျောင်းများအတွက် ရိုးမဘဏ်မှ စာအုပ်များ လှူဒါန်းသည့် အခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း၊ စိန်ရတုခန်းမရှိ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၌ ကျင်းပသည်။

 


လှူဒါန်းပွဲတွင် ရိုးမဘဏ်က ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်း(၃) ကျောင်းစီနှင့် မကွေးတိုင်း ဒေသကြီးရှိ ကျောင်း (၁) ကျောင်း စုစုပေါင်းကျောင်း (၁၀) ကျောင်းတို့အတွက် တစ်ကျောင်းလျှင် စာအုပ်အမျိုးအစား (၄၀ဝ) စီလှူဒါန်းသည်။

 


ရိုးမဘဏ်မှ ဒေါ် Suzanne Pun က " ရိုးမဘဏ်ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်မှာ ပညာရေးကို အားပေးတဲ့အနေနဲ့ရော၊ စာကြည့်တိုက်ကို ပံ့ပိုးတဲ့အနေနဲ့ လှူဒါန်းခြင်း ဖြစ်ပါတယ်၊ လှူဒါန်းတဲ့ စာအုပ်တန်ဖိုးကတော့ သိန်း ၅၀ ဖြစ်ပါတယ်" ဟုပြောသည်။

 


မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်အဝင်းက "ရိုးမဘဏ်က စိတ်ဝင်စားပြီး ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးတဲ့အတွက် အင်မတန် မင်္ဂလာရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ စာကြည့်တိုက်ဖွံ့ဖြိုးဖို့ တစ်သင်းတစ်ဖွဲ့တည်းက ဆောင်ရွက်လို့ မရတာဖြစ်တဲ့အတွက် ပုဂ္ဂလိကပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ အလှူရှင်ပဲ ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်" ဟုပြောသည်။

 


ယနေ့လှူဒါန်းသည့် စာအုပ်များတွင် သုတရတနာသိုက် စာအုပ်အပါအဝင် မြန်မာအက္ခရာရေးနည်း၊ အခြေခံကျကျ အင်္ဂလိပ်စာရေးနည်း၊ ယဉ်ကျေးလိမ္မာကလေးတရား၊ မြန်မာသမိုင်းရာဇဝင် သူရဲကောင်းများ၊ ဘိုဘိုဉာဏ်စမ်းများ၊ ပုံပြင်စာအုပ်များ၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာအုပ်များ၊ ပညာပေးစာအုပ်များအပြင် အခြားစိတ်ဝင်စားဖွယ် စာအုပ်များပါဝင်ကြောင်း သိရသည်။

 


သတင်း - မီမီဖြိုး
ဓာတ်ပုံ - လှမိုး

 

ddd