ရန်ကုန် ၇ မတ်
၂၀၁၈ ခုနှစ် စည်ပင်ဥပဒေသစ်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့်ရှိကြောင်း ရန်ကုန်စည်ပင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
“၂၀၁၄ ခုနှစ် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာတော့ အိမ်ထောင်စုတစ်စုကို တစ်ဦးသာမဲပေးခွင့် ရှိပါတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်စည်ပင်ဥပဒေသစ် နည်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိပါတယ်” ဟု ရန်ကုန်စည်ပင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ မြို့တော်သူ မြို့တော်သားများ ဆန္ဒမဲပေးရာ၌ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အတွက် တစ်မဲ၊ မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌအတွက် တစ်မဲ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် (၁) အတွက် တစ်မဲ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင် (၂) အတွက် တစ်မဲ စုစုပေါင်း မဲပြားလေးပြား မဲပေးရမည်ဖြစ်သည်။
အခြေခံမဲစာရင်းကောက်ယူမှုအရ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၃၃ မြို့နယ်တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃ ဒသမ ၄ သန်းရှိကြောင်း၊ ၎င်းတို့အတွက် မဲပြားအရေအတွက် ၁၂ သန်း ရိုက်နှိပ်ရမည်ဖြစ်ရာ ယခုအခါ မဲပြားထက်ဝက်ကျော် ရိုက်နှိပ်ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ရပ်ကွက်ပေါင်း ၆၁၃ ခုတွင် မဲရုံပေါင်း ၃၄၀ဝ မှ ၃၆၀ဝ ကြားရှိကြောင်း သိရသည်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များ၏ သက်တမ်းမှာ အစိုးရသက်တမ်းနှင့် အတူတူဖြစ်၍ အစိုးရသက်တမ်း ကုန်ဆုံးချိန်တွင် ၎င်းတို့၏သက်တမ်းမှာလည်း ကုန်ဆုံးမည်ဖြစ်ကြောင်း၊ သို့သော်လည်း စည်ပင်ရွေးကောက်ပွဲကို နောက်ထပ်မပြုမီကာလအထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ ယခု ရွေးချယ်တင်မြှောက်လိုက်သူများသည် အနည်းဆုံးနှစ်နှစ် တာဝန်ထမ်းဆောင်ရဖွယ်ရှိကြောင်း သိရသည်။
မြင့်မောင်စိုး


