ကော့သောင်း ၇ မတ်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုနှင့် လူနေဘဝတို့ ပါဝင်သည့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း DMO Kawthaung ဖွဲ့စည်းနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအား ယမန်နေ့က ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ ခန်းမတွင် ပြုလုပ်ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာထွန်း က တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုနှင့် လူနေဘဝတို့ ပါဝင်သည့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံဖြိုးရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အီတလီ အခြေစိုက် Istituto Oikos အဖွဲ့အစည်းအား မိတ်ဆက်ပြီး စီမံကိန်း မန်နေဂျာ Mr.DENIELE ALLEVA နှင့် အကြံပေး Dr.ANDREA VALENTIN တို့က လန်းပိကျွန်း အဏ္ဏဝါ အမျိုးသား ဥယျာဉ်တွင် အကောင်အထည်ဖော်မည့် စတားစီမံကိန်း နှင့်ပတ်သက်သည်များကို Dr.AndreaValentin နှင့် အဖွဲ့မှ (၇)နှစ် ကွင်းဆင်း လေ့လာပြုစုထားသော သုတေသန စာတမ်းဖတ်ကြား ဆွေးနွေးကြသည်။
ဆွေးနွေးပွဲအား တနင်္သာရီတိုင်း ဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာနေမှု နှင့်အတူ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသား ဥယျာဉ်ဖြစ်သည့် လန်းပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်တွင် အကောင်အထည်ဖော်မည့် စတားစီမံကိန်း နှင့်အတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုနှင့် လူနေဘဝတို့ ပါဝင်သည့် ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းအား DMO ဖွဲ့စည်းရာတွင် ကြုံတွေ့နိုင်သည့် လိုအပ်ချက်များ၊ အခက်အခဲများ၊ ဒေသလူထု အခြေပြု ခရီးသွား လုပ်ငန်းဖြင့် လူမှုရေး ပါဝင်ဆောင်ရွက်နိုင်မှု တိုးမြှင့်ပေးနိုင်ရေး၊ သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များ တန်ဖိုးအပေါ် အလေးထား ဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊ ဒေသခံ ဆလုံလူမျိုးယဉ်ကျေးမှုအား တန်ဖိုးထား မြင့်တင် တည်ဆောက်ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်း ဈေးကွက်ဖေါ်ဆောင်နိုင်ရေး၊ စွန့်ပစ်ပစ္စည်းနှင့် အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်တတ်ကြစေရေး၊ လန်းပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် ကော့သောင်းခရိုင်တို့သည် ပြည်တွင်းနှင့်နိုင်ငံတကာ ဈေးကွက်များတွင်ခရီးသွားလုပ်ငန်း ဦးတည်ရာ ဒေသများအဖြစ် အဆင့်မြှင့်လာရေး ရည်ရွယ်ကာ အခမ်းအနား တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များနှင့် CSO အရပ်ဘက် မြို့ပြလူမှု အဖွဲ့အစည်းများမှ အုပ်စု ၃ စုခွဲ၍ တင်ပြ သုံးသပ်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


