နေပြည်တော် ဒီဇင်ဘာ ၁၇

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစားသမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှ အချို့အား ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

 

ဒေါ်ခင်အေးမူ (ဒုတိယညွှန်ကြားရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန)

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊ တွဲဖက်အတွင်းရေးမှူး

မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ မှာ အမျိုးသမီး လေးပေါက်တန်း ပြိုင်ပွဲ၊ အမျိုးသားခြောက်ပေါက် တန်း ပြိုင်ပွဲပါတယ်။ ပြိုင်ပွဲတွေကို ဒီဇင်ဘာ ၁၅ ရက်ကနေ ၁၈ ရက် အထိ လေးရက်ကျင်းပမှာပါ။ ပြည်နယ်နဲ့ တိုင်းတွေကနေ အမျိုးသမီး ခုနစ်သင်း၊ အမျိုးသား ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြိုင်ပွဲမှာ ဒိုင်အဖွဲ့ဝင်၂၈ ဦး က တာဝန်ယူဆောင်ရွက်သွားမှာပါ။ ပြိုင်ပွဲမှာ သတိပြုရမယ့် အချက်တွေအနေနဲ့ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ ကွမ်း၊ ဆေးလိပ်၊ တားမြစ်ဆေးဝါးတွေ သုံးစွဲမှုမရှိဖို့ အားကစားသမားတိုင်း ဆင်ခြင်ရပါမယ်။ အထူးသဖြင့် ခြင်းလုံးခတ်ပြိုင်ပွဲဟာ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့အတွက် အမျိုးသားတွေ နားကပ်ဝတ်ဆင်တာ၊ ဆံပင်တွေ အရောင်ဆိုးတာ ခွင့်မပြုပါဘူး။ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဟာ မြန်မာ နိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲ မှာ စပြီးတော့ပါတယ်၊ ပြီးရင် စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယား စုစုပေါင်း လေးကြိမ်ပါတယ်။ လာမယ့်နှစ် ဆီးဂိမ်းမှာ ပါဖို့လည်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က ကြိုးစားနေပါတယ်။ မြန်မာပြည်ဆီးဂိမ်းမှာ အမျိုးသား သုံးဦး၊ အမျိုးသမီးသုံးဦး ရွှေ ခြောက်ခု၊ စင်ကာပူမှာ အမျိုးသား ပွဲကနေ ရွှေနှစ်ခုလုံးယူပါတယ်။ မလေးရှားမှာလည်း အမျိုးသားပွဲကနေ ရွှေနှစ်ခုယူပါတယ်။ ကမ္ဘောဒီးယားမှာ အမျိုးသား၊ အမျိုးသမီးနဲ့ နှစ်ခုပေါင်း mixed ပြိုင်ပွဲပြိုင်တဲ့အခါ ရွှေလေးခု၊ ငွေသုံးခု၊ ကြေးတစ်ခု ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတိုင်း ပါဝင်ဖို့ကြိုးစားတယ်။ ပြည်တွင်းမှာရော အခုဆို အရှေတောင်အာရှတင်မဟုတ်ဘဲ အာရှ အဆင့်ပြိုင်ပွဲတွေမှာ ပါဝင်နိုင်ဖို့လည်း ဆပ်ကော်မတီတွေဖွဲ့စည်း ထားတဲ့အပြင် အဖွဲ့ချုပ်ကို လည်း အသစ်ဖွဲ့စည်းထားပြီး အဘက်ဘက်ကနေ အင်တိုက်အားတိုက် လှုပ်ရှားနေပါတယ်။

 

ဒုအရာခံဗိုလ် မိုးကျော်

(ပြေးခုန်ပစ်နည်းပြ၊ ကာကွယ်ရေးဝန်ကြီးဌာန)

ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ အမျိုးသားအားကစား ပွဲတော်မှာ ထည့်သွင်းကျင်းပတဲ့ ပြေးခုန်ပစ် အားကစားနည်း ၂၀ လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတယ်။ ရလဒ်ကောင်းခဲ့လို့လည်း ဂုဏ်ယူဝမ်းသာမိပါတယ်။ လေ့ကျင့်မှုကို တစ်နှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့တယ်။ ကိုယ်စားပြုကစားသမားတွေလည်း စံချိန်တွေ ချိုးနိုင်အောင် ကြိုးစားထား ကြပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနကနေ ပထမ၊ ဒုတိယ၊ တတိယရတဲ့ ကစားသမားတွေကို ဒီအဆင့်အောင်မြင်ပြီးရင် အရှေ့တောင်အာရှပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်။ အမျိုးသား အားကစားပွဲတော်ကို ပဉ္စမအကြိမ်မြောက် ပြန်လည်ကျင်းပပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေနဲ့ အားကစားဝန်ကြီးဌာနက လူကြီးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကစားသမားဘဝတုန်းက ပထမအကြိမ်၊ ဒုတိယ အကြိမ်၊ တတိယအကြိမ် အားကစားပွဲတော်တွေမှာ ကစားသမားအဖြစ် ဝင်ရာက်ယှဉ်ပြိုင်ခဲ့တယ်။ ကာကွယ်ရေးအသင်းမှာ လက်ရွေးစင် ကစားသမားတွေရှိပေမယ့် အသက်အရွယ်အရ နောင်လာမယ့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့အတွက် မျိုးဆက်သစ်ကစားသမားတွေ မွေးထုတ်ဖို့ လည်း ရည်ရွယ်ထားတာရှိပါတယ်။

 

စစ်မင်းပိုင် (တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန)

ဝန်ကြီးဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ အမျိုးသားအားကစား ပွဲတော်ပွဲစဉ် (၁၇) မှာ သမ/ကျေးလက်ကို နှစ်ပွဲပြတ်နဲ့နိုင်ပြီးသွားပါပြီ။ ကျွန်တော်တို့ ကြိုတင်စုဖွဲ့လေ့ကျင့်မှု တစ်လခွဲ နှစ်လလောက်ရှိပါပြီ။ ကျွန်တော်တို့ အသင်းမှာ နည်းပြ၊ အုပ်ချုပ်သူနဲ့ဆိုရင် စုစုပေါင်း ၁၂ ယောက်ပါဝင်ပါတယ်။ ဒါက နိုင်ငံတော်အဆင့် အမျိုးသားအားကစားပွဲတော်ကြီးဆိုတော့ တစ်မျိုးသားလုံး တက်တက်ကြွကြွနဲ့ လာရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်စရာ ကောင်းတယ်။ ဒီပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဖို့ကောင်းပါတယ်။ ပြိုင်ဘက်အသင်းတွေက ကစားသမားတွေ အားလုံးကလည်း တကယ့်ကို ကစားသမားကောင်း တွေဖြစ်တော့ ပြိုင်ပွဲမှာ အနိုင်ရဖို့က မလွယ်ပါဘူး။ ကျွန်တော်တို့ ဝန်ကြီးဌာနကိုယ်စားပြုအသင်း အနေနဲ့ ရွှေမရရင်တောင် ငွေနဲ့ ကြေးတစ်ခုခုရဖို့ မျှော်လင့်ပြီးတော့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

ဦးအောင်မျိုးသူ

(လက်ထောက်ညွှန်ကြားရေးမှူး)နည်းပြ၊

ပြန်ကြားရေးဝန်ကြီးဌာန၊ ပိုက်ကျော်ခြင်းအသင်း

ကျွန်တော်တို့ အသင်းမှာ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမား စုစုပေါင်း ၁၃ ဦး စုပေါင်းပြီးတော့ ပြိုင်ပွဲမစခင် တစ်လကျော်လောက် လေ့ကျင့်ထားပါတယ်။ ဒီဇင်ဘာ ၁၅ ရက်အထိ သုံးပွဲယှဉ်ပြိုင်ပါတယ်။ ကလေးတွေ ကြိုးစားကြပါတယ်။ ကျွန်တော်တို့ပြန်ကြားရေးက ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ဂေါက်သီးရိုက်ပြိုင်ပွဲ အားကစားနည်း ခြောက်နည်းစလုံး ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဒီအမျိုးသားအားကစားပွဲတော်ဟာ မျိုးဆက်သစ်လူငယ်တွေ၊ တိုင်းနဲ့ ပြည်နယ်က လူငယ်တွေပါတာဆိုတော့ နိုင်ငံတကာပြိုင်ပွဲတွေ အတွက် မျိုးဆက်သစ်အားကစား သမားတွေ ရှာဖွေလို့ရသွားတယ်။ အားကစားလုပ်တာ ကောင်းပါတယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းတယ်၊ ဝန်ထမ်းတွေလည်း အားကစားပွဲတွေ အားပေးကြတာမြင်ရတော့ ဝမ်းသာပျော်ရွှင်ရတယ်။

 

ဇော်လင်းနိုင် (ပဲခူးတိုင်းဒေသကြီး)

ရိုးရာခြင်းလုံးပြိုင်ပွဲဝင်

ရိုးရာခြင်းလုံးခတ်ကစားတာ အသက် ၁၂ နှစ်လောက်ကတည်းကဆိုတော့ လေးနှစ်ရှိပြီ။ ကျွန်တော့်အသက်က အခု ၁၆ နှစ် ပြည်တော့မယ်။ ရိုးရာခြင်းလုံး ကစားနည်းကို ဆရာဦးမောင်ကြိုင်၊ ဆရာမ မကလျာနွယ်တို့က သင်ပေးတာပါ။ ကျွန်တော်က ခြင်းလုံးခတ်တာကို ဝါသနာပါတယ်။ ကျွန်တော်တို့ ရိုးရာ ခြင်းလုံးအသင်းမှာ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးခြောက်ဦး ပါတယ်။ ပြိုင်ပွဲမှာ ကစားနည်း ဆယ်မျိုးထဲက မန္တလာခြေဖျား၊ မြင်းစီးဖနောင့်၊ သမင်လည်ပြန် ဖနောင့်၊ လျှပ်ထိပ်တင်ဒူးစတဲ့ ကစားနည်းခြောက်မျိုး ခတ်ရတယ်။ ကျွန်တော်အကြိုက်ဆုံး အကွက်က မန္တလာအကွက်၊ အဲဒီ အကွက်က စသင်တုန်းကတော့ ခက်တယ်။ ခတ်တတ်သွားတဲ့ အချိန်မှာတော့ ခက်ခဲတယ်ဆို တာ မရှိတော့ပါဘူး။ ပဲခူးတိုင်း ကိုယ်စားပြုအနေနဲ့ ဆုတံဆိပ် ရအောင်ကြိုးစားသွားမှာပါ။

 

ကိုရွှေရိုး (ဘော်လီဘောပြိုင်ပွဲဝင်)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

ကျွန်တော်တို့ ဝန်ကြီးဌာန အသင်းက အသက် ၂၅ နှစ် အောက် လူငယ်တွေဆိုပေမယ့် ကောင်းကောင်းမွန်မွန်နဲ့ တက်တက်ကြွကြွ ကစားနိုင်ကြတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ လေ့ကျင့်ချိန်က တစ်လနဲ့ ဆယ်ရက်ပဲရှိတယ်။ အမျိုးသား အားကစားပွဲတော်က အလွတ်တန်း ပြိုင်ပွဲဆိုတော့ အကြီးတန်းတွေလည်း အများကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ကွာတားဖိုင်နယ်ကို တက်ပါတယ်။ အခြားပြိုင်ပွဲတွေမှာလည်း ဝန်ကြီးဌာနကိုယ်စားပြုအသင်း အနေနဲ့ ယှဉ်ပြိုင်ဖြစ်ပါတယ်။ ဝန်ကြီးဌာနကိုယ်စားပြုအနေနဲ့ စတုတ္ထအဆင့်ရဖူးတယ်။ ဒီနှစ် တော့ တခြားအသင်းတွေကလည်း စီနီယာကစားသမားတွေများတော့ ကျွန်တော်တို့အသင်းက ဆီမီး ဖိုင်နယ်အထိပဲ တက်ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အမျိုးသားအားကစားပွဲတော်ကြီး ဟာ ရလဒ်ကောင်းတွေ များတယ်။ လူငယ်တွေရဲ့ စွမ်းဆောင်နိုင်မှုတွေ၊ အားကစားအပေါ်မှာ စွဲလမ်း တဲ့အမြင်တွေကို တွေ့ရတယ်။ တချို့ကလေးတွေက အားကစား အပေါ်မှာပဲ ရူးသွပ်ပြီးတော့ ပညာ ရေးမှာ အားနည်းသွားတာတွေ လည်းတွေ့ရတယ်။ ကျောင်းသား လူငယ်တွေပညာရေးလည်း မပေါ့ပါနဲ့၊ အားကစားကိုလည်း ပုံမှန်လုပ်ဆောင်ပါလို့ တိုက်တွန်း လိုပါတယ်။